ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် ဝန်ကြီး စာနယ်ဇင်းပွဲ တက်ရောက်

ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာ မနေ့က ကျင်းပခဲ့တဲ့ စာနယ်ဇင်းသမားများ ဆွေးနွေးပွဲကို NLD ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radek Sikorski တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ပိုလန် ဝန်ကြီးက - အပြောင်းအလဲအတွက် ရုန်းကန်ရင်ဆိုင်နေကြရာမှာ ခင်ဗျားတို့ချည်း မဟုတ်ပါဘူး။ ခင်ဗျားတို့မှာ ကူညီမယ့် မိတ်ဆွေတွေ အများကြီးရှိပါတယ်။ အဲဒီ မိတ်ဆွေတွေထဲမှာ ပိုလန်နိုင်ငံလည်း ပါဝင် ပါတယ်။ ခင်ဗျားတို့မှာ ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ ကျွန်တော်တို့မှာ ပိုလန် အလုပ်သမားခေါင်းဆောင် Lech Walesa ရှိတယ်။ အခုအခါ မြန်မာပြည်ဟာ ဒီမိုကရေစီ လမ်းမပေါ်ကို ရောက်နေပြီလို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် ကိစ္စတွေက အများကြီး ရှိနေပါသေးတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဒီမိုကရေစီ လူ့ဘောင်မှာ လွတ်လပ်တဲ့ စာနယ်ဇင်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း -

ကျွန်တော်တို့ နိုင်ငံရေးသမားတွေအပေါ် စောင့်ကြည့် စစ်ဆေးဖို့ ကိစ္စမှာ စာနယ်ဇင်းသမားတွေရဲ့ အခန်းကဏ္ဍက အထူးတလည် ပါဝင်နေတယ်။ လွတ်လပ်တဲ့ စာနယ်ဇင်းရဲ့ အရေးကြီးတဲ့ တာဝန်တွေထဲက တစ်ခုကတော့ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ဖို့ပါ။ စာနယ်ဇင်းးဟာ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ကင်းကွာနေလို့ မဖြစ်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်ကို လာရောက်တဲ့အတွက် ပိုလန် နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးပြောသလိုပဲ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုရမှာ ဖြစ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပန်းတိုင်ကိုရောက်ဖို့ ခရီးရှည်ကြီးကို လျှောက်ရဦးမှာ ဖြစ်ကြောင်း၊ ဒီလို အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောပေါက် သိမြင်နားလည်နိုင်ဖို့ ဒီမိုကရေစီ အင်အားစုတွေမှာ အခုလို ဆွေးနွေးပွဲမျိုးတွေ၊ သင်တန်းတွေ အသည်းအသန် လိုအပ်နေကြောင်း အထူးပြု ပြောဆိုခဲ့ပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးရက်ကြာခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ပါတီတွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ NGO ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့မြန်မာပြည်ခရီးမှာ ပိုလန် စီးပွားရေးလုပ်ငန်းအဖွဲ့ တစ်ဖွဲ့လည်း လိုက်ပါလာခဲ့ပါတယ်။