Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့် ထုတ်လုပ်တဲ့ Myanmar Mayson စက်ရုံကနေ အလုပ်ထုတ် ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့နဲ့ အခြားအလုပ်သမား အခွင့်အရေးတွေ ပြန်လည် ရရှိဖို့အတွက် အလုပ်သမား ၁၀၀ နီးပါးလောက်ဟာ ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံနားမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်သမား သမဂ္ဂ အဖွဲ့အစည်းတွေကို ကန့်ကွက်ခြင်းမပြုဖို့၊ အလုပ်သမားအချင်း ချင်းအကြား ခွဲခြားဆက်ဆံခြင်းမပြုဖို့နဲ့ အလုပ်ရှင်တွေအနေနဲ့ ရန်ကုန်တိုင်း အလုပ်သမား ခုံသမာဓိရဲ့ ဆုံးဖြတ် ချက်တွေ၊ ဥပဒေတွေကို လေးစားလိုက်နာဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် နှစ်စဉ် ပေးနေကျ အပိုဆုကြေးတွေ လျှော့ချတာကိုလည်း ဆန္ဒပြအလုပ်သမားတွေက ကန့်ကွက်ခဲ့ကြ ပါတယ်။
Good Morning ပေါင်မုန်စက်ရုံမှာ ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် အလိုအလျောက်လုပ်ကိုင်တဲ့ စက်ပစ္စည်းတွေ အသုံးပြုတော့မှာ ဖြစ်တာကြောင့် အလုပ်သမား ၁၈၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ စက်ရုံပိုင်ရှင်က အလုပ် ထုတ်လိုက်တာ ဖြစ်ပါတယ်။
အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေထဲမှာ အဲဒီစက်ရုံရဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းက ခေါင်းဆောင် ၄ ဦးပါဝင်ပြီး လုပ်သက် ၁ နှစ်ကနေ ၁၉ နှစ်အထိရှိတဲ့ အလုပ်သမားတွေလည်း ပါဝင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လက အလုပ်ရှင်ကိုယ်စားလှယ်တွေ နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် အခုအချိန်အထိ အဆင်မပြေသေးတာ ဖြစ်ပါတယ်။