အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့သွားမယ်လို့ သိရပါတယ်။
သူတို့ငါးဦးလုံးဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ဖြစ်သလို၊ စာနယ်ဇင်းသမားတွေလည်း ဖြစ်တဲ့အတွက် ဦးဝင်းတင်ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ဖို့ ရည်ရွယ်သတ်မှတ်ထားတဲ့ အချက်နှစ်ချက်လုံးနဲ့ ကိုက်ညီတာကြောင့် မဖြစ်မနေဦးစားပေး ထောက်ပံ့မှာဖြစ်တယ်လို့ ဖောင်ဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။ တချိန်တည်းမှာပဲ ယူနတီဂျာနယ် သတင်းသမား ငါးဦးကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ဖို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအစည်းအဝေးမှာ တင်ပြသွားမယ်လို့ သိရပါတယ်။ ဒီအမှုဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထောင်ချလိုက်တယ်ဆိုတာ ပေါ်လွင်တဲ့အတွက် ဒီသတင်းသမား ၅ ဦးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တင်ပြမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဦးစိုးသိမ်း ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ကွယ်လွန်သူသတင်းစာဆရာကြီး ဦးဝင်းတင်ဖောင်ဒေးရှင်းကနေ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ၁၅ ကြိမ်မြောက် ဂုဏ်ပြုထောက်ပံ့ငွေ ချီးမြှင့်လိုက်ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြ ထားပါတယ်။
