သြင်္ကန်အဝတ်အစား သရုပ်မပျက်ရေး

အခုသီတင်းပတ်ကုန်ပြီး ရှေ့သီတင်းပတ်ဆိုရင် မြန်မာ့ရိုးရာ အတာသြင်္ကန် ကျရောက်တော့မှာပါ။ ရန်ကုန်မြို့မှာလည်း သြင်္ကန်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။ ဒီနှစ်သြင်္ကန် ပွဲတော်အတွက် လုံခြုံရေးဝန်ထမ်းအင်အား ၅ ထောင်ကျော်နဲ့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ကလည်း အသင်းအနေနဲ့ ပိတ်ရက်မယူဘဲ နာရေးကိစ္စတွေကို ပုံမှန်အတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။ ဒါ့အပြင် အဓိက ရေကစားမဏ္ဍပ်တွေအနီးမှာ လူနာတင်ယာဉ်တွေ အဆင့်သင့် ချထားပေးမယ်လို့ သိရ ပါတယ်။ ရန်ကုန်မြို့တော်မှာ သြင်္ကန်ပွဲတော်ဆင်နွဲမယ့်သူတွေ ဘယ်လို အဝတ်အစားတွေ ရွေးချယ်ထားကြပါပြီ လဲ။ ရုပ်ရှင်အစည်းအရုံးကတော့ ရုပ်ရှင်သရုပ်ဆောင်တွေအနေနဲ့ သြင်္ကန်နဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဝတ်ဆင်နိုင်ပေမဲ့ သရုပ်ပျက်တဲ့ ဝတ်စားဆင်ယင်မှုတွေ၊ အပြုအမှုတွေ မပြုလုပ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်ရှင်။

သြင်္ကန်ကာလအတွင်း သရုပ်ပျက်အဝတ်အစားတွေ မဝတ်ဆင်ဖို့ အသိပညာပေးလှုပ်ဆော်တဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့ပြည်လမ်း အင်းယားကန်ဘောင်မှာ မနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။