မတ်လ ၁၀ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်က ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ သေနတ်ကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆီးခုံကို ကျဉ်ထိမှန်ခဲ့တဲ့ ကိုဇော်ဇော်မျိုးဟာ ဆေးရုံမှာ နှစ်ရက်ကြာ ဆေးကုသမှုခံယူရင်း မတ်လ ၁၂ ရက်နေ့ ဒီနေ့မနက်မှာ ကွယ်လွန်သွားပါတယ်။
သူ့မှာ အဖေ၊ ဇနီးနဲ့ အသက် ၁၁ လအရွယ် ကလေးအပါအဝင် သမီး လေးယောက် ကျန်ခဲ့ပါတယ်။
မတ်လ ၁၀ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ကန်သာလမ်းဆုံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တွေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ ပစ်ခတ်ပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
အဲဒီမှာ ဖမ်းမိထားတဲ့ လူငယ်တွေအပြင် အိမ်တွေမှာ ဝင်ပုန်းတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့တာပါ။
အဲဒီဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရပ်ကွက်ထဲက ပြည်သူတွေက လမ်းပိတ်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
