စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာထဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဂျက်တိုက်လေယာဥ်တစ်စင်းနဲ့
သုံးကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးနှစ်ယောက်အပါအဝင် ရွာသား ခုနှစ်ယောက်သေဆုံးပြီး ခြောက်ယောက်ဒဏ်ရာရသွားပါတယ်။
စစ်ကော်မရှင်တပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ ပုလဲ၊ ယင်းမာပင်၊ ကနီ ၊ ပေါက် နဲ့ မြိုင် မြို့နယ်တွေမှာ လေကြောင်းကတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတယ်လို့ ပြောကြပါတယ်။
မြိုင်မြို့နယ် ကန်ကြီးရွာအရှေ့မြောက်ဘက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဂျက်တိုက်လေယာဥ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) ကနေ ဂျိုင်ရိုကော်ပတာ (gyrocopter) သုံးစီးနဲ့ မြိုင်ဘုန်းကြီးကန်ရွာကို တိုက်ခိုက်ခဲ့လို့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အိမ် နှစ်လုံးလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ရွာသစ်ကုန်းရွာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးပျက်ဆီးသွားပါတယ်။
ဒီဇင်ဘာလ ၂၄ ရက် ညနေ ငါးနာရီဝန်းကျင်မှာ ပခုက္ကူ တပ်မ ၁၀၁ ကလာတဲ့ စက်တပ်လေထီး နှစ်စီးက ရွာသစ်ကုန်းရွာနားကို ထပ်ပြီးတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ တော်လှန်နယ်မြေမှာရှိတဲ့ဒေသခံတွေ ကြောက်လန့်အောင်လုပ်နေတာလို့ မြိုင်မြို့နယ်သား တစ်ဦးက RFA ကို ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။
