ဘိုကလေးမြို့က အထက်တန်းကျောင်းတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေကို မဲစာရင်းတွေ ကြည့်ခိုင်းနေသလို၊ ကျောင်းသားတွေ မဲစာရင်းမပါရင် စာရင်းလုပ်တဲ့ဆရာ၊ ဆရာမတွေအရေးယူ ခံရမယ်ဆိုတဲ့ ပြောဆိုခြိမ်းခြောက်တာတွေရှိနေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“ဆရာမတွေက ကလေးတွေကို မဖြစ်မနေ ဒီမဲကိုထည့်ရမယ်။ မထည့်ဘူး၊ ဟိုဒင်းမဖြစ်ဘူးဆိုရင် အရေးယူ မယ်လို့ ပြောတယ်။ ဆရာမတွေကိုလည်း အထက်ကနေပြီးတော့ ဖိအားပေးပြီးတော့ ဒီမဲစာရင်း မပါပါအောင် လုပ်ပါလို့ပြောတယ်တဲ့။ ကျောင်းသားတွေ ဒီမဲကိုမပါခဲ့ဘူးဆိုရင် အရေးယူမယ်လို့ပါတယ်"
ဘိုကလေးမြို့နယ်က ကျေးရွာအုပ်စုတွေမှာလည်း မဲစာရင်းကြည့်ကြဖို့ အုပ်ချုပ်ရေးမှူးတွေက အကြိမ်ကြိမ် ကြေညာနေပေမယ့် သွားကြည့်တဲ့သူနည်းတယ်လို့ ဒေသခံတွေကပြော= ပါတယ်။
ဒါကြောင့် မဲသွားမပေးရင် စစ်ဆေးမေးမြန်းခံရနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
“ကိုယ်တွေက စိတ်မဝင်စားတော့ သွားလည်းမကြည့်ဘူး။ ဘယ်လိုထည့်ရမှန်းလည်း မသိဘူး။ မဲသွားမထည့်လို့ ရှိရင် သူတို့က ဘာဖြစ်လို့မထည့်တာလဲ။ ဘာကြောင့်မထည့်တာလဲ။ သူတို့က ဒီလိုမျိုးတွေ မေးမယ်လို့ပြော တယ်။ မဲရုံမှာ တာဝန်ကျသူတွေက ပြောတာ"
ဒီလိုဖိအားပေးတာတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFAက ဒီဇင်ဘာ ၂၆ ရက်နေ့က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဖိအားပေးပြီး မဲထည့်ခိုင်းတာမျိုး မဖြစ်သင့်ဘူးလို့ နောက်ထပ် မဲဆန္ဒရှင်တတစ်ဦးက ပြောပါတယ်။
" တကယ်တော့ ဒီရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမဟုတ်တဲ့အတွက် ပြည်သူတွေကလည်း စိတ်ဝင်စားစရာအကြောင်းကို မရှိပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ပါဘူး။ တဘက် သတ်ဖိအားနဲ့လုပ်တဲ့ ရွေးကောက်ပွဲပါ။ မှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ တရားမျှတမှု မရှိဘူး။ ရွေးကောက်ပွဲတစ်ခုကို ဒီလိုဖိအားပေးပြီးတော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာကတော့ ဒါဟာ အဓိပ္ပါယ်လုံးဝ မရှိဘူး "
ဘိုကလေးမြို့နယ် အောက်ပိုင်းက ကျေးရွာအုပ်စုတွေမှာ ကြံ့ခိုင်ရေးပါတီကလွဲပြီး တခြားပါတီတွေ မဲဆွယ် စည်းရုံးတာမရှိသေးဘူးလို့ မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။
" ကြံ့ခိုင်ရေးပါတီကလာတယ်ဆိုတာ သူတို့ကဘယ်လိုလဲဆိုတော့ ဒီမဲပေးဖို့ပေါ့နော်။ သူတို့ တခြားပါတီတွေ တော့မလာဘူး။ သူတို့ အဲဒီမှာ ဝန်ကြီးချုပ်အဟောင်းဆိုလား သူတို့အဖွဲအစည်းနဲ့သူတို့ လာတာပေါ့နော်။ အဲဒါ သူတို့က အဲဒီနေ့ ဖျော်ရည်တိုက်တယ်။ "
မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မတူတဲ့အမြင်ထုတ်ဖော်ပြောဆိုသူတွေကို ဖမ်းဆီးထောင်ချနေတာနဲ့ ပြည်သူတွေကို မဲမပေးပဲမနေရဲအောင်လုပ်နေတာကို ရပ်ရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဒီဇင်ဘာ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။
