စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ လူငယ်တွေစိတ်ဝင်စားမှုနည်း

စစ်ကော်မရှင်ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားမှုမရှိတဲ့အပြင် ဆန့်ကျင် ကန့်ကွက်သူတွေ ပိုများလာတယ်လို့ ရန်ကုန်မြို့ခံလူငယ်တွေကပြောကြပါတယ်။

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ လူငယ်တွေစိတ်ဝင်စားမှုနည်း (RFA Video)

မဖြစ်မနေမဲပေးရမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့ မင်္ဂလာဒုံမြို့နယ်မှာနေတဲ့ ကိုမင်းနိုင်က

“သူတို့လုပ်နေတဲ့ရွေးကောက်ပွဲ ဘယ်ပြည်သူမှ စိတ်လည်း မဝင်စားဘူး၊ သွားလည်းမကြည့်ဘူး။ နောက်ဆုံးမဖြစ်မနေပေးရမယ်၊ ငါတို့မဲရုံလာရမယ်၊မဲပေးရမယ်ဆိုရင်လည်း ကျွန်တော်ပေးချင်တဲ့ တစ်ခုပေါ့နော်။ ကြုံတဲ့ဟာသာနှိပ်ခဲ့လိုက်၊သူတို့ကိုတော့ မပေးခဲ့နဲ့၊ကြိမ်းသေတယ် သူတို့လုပ်မယ့်မဲစာရင်းနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲကို လုံးဝ မထောက်ခံဘူး၊ အသိအမှတ်လည်းမပြုဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ကန့်လည်း ကန့်ကွက်ပါတယ်။”

ပြည်တွင်းက ပြည်သူတွေစိတ်မဝင်စားကြသလို ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ လည်း ကြိုတင်မဲပေးတဲ့သူ အလွန်နည်းတာတွေ့ရပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်ကော်မရှင်ရဲ့နိုင်ငံရေးထွက်ပေါက်လို့ ရန်ကုန်တိုင်း တာမွေမြို့ခံတစ်ဦး က ရှုမြင်ပါတယ်။

”အရပ်သားအစိုးရကို အာဏာသိမ်းပြီးတော့ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် လုပ်တဲ့ရွေးကောက်ပွဲလို့ နားလည်တယ်။ဆိုတော့ ဒီရွေးကောက်ပွဲကို ကျွန်တော်တို့က လုံးဝလက်ခံတာမျိုးမဟုတ်ဘူး၊ အရပ်သားတစ်ယောက်အနေနဲ့လည်း လက်မခံဘူး။မဲရုံ သွားပြီးတော့ မဲသွားပေးဖို့လည်းအစီစဉ်မရှိဘူး၊ ပြတ်ပြတ်သားသားဆန့်ကျင်တယ်လို့ပဲ တစ်လုံးထဲပြောရမှာပဲ”

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က လူငယ်တယောက်ဖြစ်တဲ့ ကိုကောင်းမြတ်ကလည်း သူ့သဘောထား ကို ပြောပါတယ်။

“ကြံ့ဖွတ်ပါတီအကြီးဆုံးဆိုတဲ့လူကြီးက စစ်တပ်နဲ့နီးစပ်ပြီးတော့ စစ်တပ်ကို ထောက်ခံတဲ့ ပါတီကို မဲပေးရမယ်လို့ပြောတာ ချည်းကတော့ ရွံစရာကြီးပါဗျာ။ တကယ်တမ်းပြန်ကြည့်လိုက်ရင် ဒါကြီးက အသက် ၂၀ ကျော် လူငယ်တစ်ယောက်အနေနဲ့ တွေးကြည့်ရင် မပျော်တော့ဘူးပေါ့ဗျာ။ဘယ်လိုလုပ် မျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာမှာလဲနော”

ရွေးကောက်ပွဲမဲဆွယ်ကာလရက်ပေါင်း ၆၀ ပြည့်သွားခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ တုန်းကလို ပြည်သူလူထုစိတ်ဝင်တစား ထောက်ခံအားပေးတာမျိုးမတွေ့ခဲ့ပါဘူး။

ဒါပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေအများဆုံးပါဝင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်းတွေကတော့ သူတို့ရဲ့ မဲဆွယ်စီးရုံးရေးတွေမှာရွေးကောက်ပွဲ စိတ်ဝင်စားကြတဲ့ ပြည်သူတွေ ၉၀ ရာခိုင်နှုန်းရှိတယ်လို့ပြောကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးခွန်းပြန်ထုတ်စရာ ဖြစ်နေတယ် လို့ မင်္ဂလာဒုံမြို့နယ်မှာနေထိုင်တဲ့ ကိုမင်းနိုင်က ထောက်ပြပါတယ်။

“သူတို့ပြောပြောနေတဲ့ ကိုးဆယ်ရာခိုင်နှုန်းက စိတ်ဝင်စားတယ်ဆိုတာ ဘယ်လို ကိန်းဂဏန်းတစ်ခုကို အခြေခံပြီးတော့ ပြောချင်တာလဲဆိုတာ အများကြီးရှိတယ်၊ ထားပါတော့ သန်းငါးဆယ်ပေါ်မှာ အခြေခံတာလား၊ သန်း သုံးဆယ်ပေါ်မှာအခြေခံတာလား၊ ဆယ်ယောက်ပေါ်မှာ အခြေခံတာလား၊ငါးယောက်ပေါ်မှာ အခြေခံတာလား၊ အများကြီးရှိတယ်။ သူတို့သတ်မှတ်တဲ့ ကိန်းဂဏန်းက ဘယ်အရေ အတွက်ပေါ်သတ်မှတ်တာလဲ ပြန်မေးခွန်းထုတ်စရာတွေရှိတယ်။"

ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားမှုနည်းပေမယ့် စစ်ကော်မရှင်ကတော့ အပိုင်းသုံးပိုင်းနဲ့ခွဲလုပ် ဖို့ စီစဉ်ထားပါတယ်။ ပထမအပိုင်းကို ဒီဇင်ဘာလ ၂၈ နေ့မှာ ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းကို ဇန်နဝါရီလ ၁၁ နေ့မှာ မြို့နယ် တစ်ရာ၊ တတိယပိုင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ် ကျင်းပမယ် လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တနိုင်ငံလုံး ၃၃၀ ရှိတဲ့အထဲက ၂၆၅ နေရာမှာကျင်းပမှာ ဖြစ်ပြီး ၆၇ မြို့နယ်မှာတော့ ရွေးကောက်ပွဲလုံးဝရှိမှာမဟုတ်ပါဘူး။ အဲဒီအပြင် တနိုင်ငံလုံးက ကျေးရွာ ရာပေါင်းများစွာမှာလည်း ကျင်းပနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။၊