လွှတ်တော်ဥက္ကဌ၊ သမ္မတနဲ့ အစိုးရအဆင့်မြင့်ရထူးနေရာတွေအထိ ရယူလေ့ရှိတဲ့ နေပြည်တော်က မဲဆန္ဒနယ်အများစုမှာ စစ်ဗိုလ်ချုပ်တွေက ယူနီဖောင်းချွတ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နေပြည်တော်မှာ မြို့နယ် ၈ မြို့နယ်အတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ ခု၊ စုစုပေါင်းနေရာ ၁၀ ခုရှိရှိပါတယ်။ အဲဒီအထဲကမှ မဲဆန္ဒနယ် ၈ ခုအထိ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဝင်ပြိုင်ကြတာပါ။
ပါတီဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီ၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး (လေတပ်ကာကွယ်ရေးဦးစီးချုပ်) ဟောင်း ဦးမြတ်ဟိန်းတို့က ကြံခိုင်ရေးပါတီဝင် အမာခံတွေရှိတဲ့ နေပြည်တော် ဇေယျာသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်တွေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ပြိုင်ကြမှာပါ။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ လူယုံလို့ ပြောကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး (ရေတပ်ကာကွယ်ရေးဦးချုပ်)ဟောင်း ဦးတင်အောင်စန်းနဲ့ လက်ရှိပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းတို့လည်း နေပြည်တော်ကနေ ဝင်ပြိုင်ပါတယ်။
ဒါ့အပြင် မင်းကင်းမောင်မြင့် (ခေါ်) ဦးမောင်မြင့်၊ ဘူးလက်လှဆွေ (ခေါ် ) ဦးလှဆွေ၊ လက်ရှိ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးတင်ဦးလွင်တို့လည်း နေပြည်တော်ကပဲ ဝင်ပြိုင်ကြမှာပါ။ ဦးတင်ဦးလွင်ဟာ စစ်တက္ကသိုလ် အပါတ်စဉ် (၁၉) ဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင် အပတ်စဉ် တစ်ခုတည်းဖြစ်ပါတယ်။
နေပြည်တော်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ရုံးစိုက်ရာ နေရာဖြစ်တာ၊ အမာခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်အများအပြားရှိနဲ့ စစ်ကောင်မရှင် လက်အောက်ခံ အစိုးရဝန်ထမ်းတွေ ရှိတာကြောင့်လည်း တခြားမဲဆန္ဒနယ်တွေထက် ကြံ့ခိုင်ရေးပါတီက ပိုမိုအနိုင်ရနိုင်ခြေ ရှိနေပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရှင်ပြိုင်မဲ့ ဒေါက်တာအောင်မျိုးကတော့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ မဲလာမထည့်ရင် ကြံ့ခိုင်ရေးပါတီက မဲပိုများသွားနိုင်တယ်လို့ RFA ကို ပြောပါတယ်။
ဒေါက်တာအောင်မျိုး-လွှတ်တော်ကိုယ်စားလှယ်လောင်း (တစ်သီးပုဂ္ဂလ)
“ဝန်ထမ်းတွေကတော့ ပါတီနိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ အသိကဝင်နေတယ်။ အဲဒါကို အဓိပ္ပာယ်ဖွင့်မှုက နည်းနည်းလွဲနေတယ်။ ကျနော့်ကိုကြိုက်ပါတယ် ဒါပေမဲ့ သူတို့က အစိုးရဝန်ထမ်းမလို့ ခက်ပါတယ်ဆိုတဲ့ စကားမျိုး ပြောတာမျိုးတွေ့တယ်။ ဒါက နောင်မှာ တိုင်းပြည်ကို တာဝန်ယူမဲ့သူတွေအတွက် ဆင်ချင်ရမဲ့ အချက်ပေါ့နော်။ ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေက ကျနော့်ကိုကြိုက်တယ်။ နိုင်ငံရေးစိတ်မဝင်စားဘူး ပုံမှန်နေတဲ့လူတွေကတော့ လက်ရှိအစိုးရနဲ့ in line ဖြစ်တယ်လို့ ယူဆရတဲ့ ပြည်ခိုင်ဖြိုးကို ထည့်ကြမယ်”
ဇမ္ဗူသီရိမြို့နယ် ပြည်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဒေါက်တာအောင်မျိုးအပါအဝင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦး၊ နိုင်ငံရေးပါတီ ၆ ဦးက ကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၈ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စာမဲရင်းမှာပါဝင်တဲ့ မဲပေးရမဲ့ နံပါတ်တွေကို စာရင်းကောက်ထားပြီး၊ ရွေးကောက်ပွဲပြီးရင် မဲပေးပြီးတဲ့အကြောင်း အထက်အဆင့်ဆင့်ကို ပြန်တင်ပြဖို့ ဌာနတွင်း ညွှန်ကြားထားတယ်လို့ နေပြည်တော်က ဝန်ထမ်းတွေနဲ့ နီးစပ်သူ မြို့ခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
နေပြည်တော် မြို့ခံအမျိုးသမီးတစ်ဦး
“ရပ်ကွက်ရုံးတွေမှာ ကြေညာထားတဲ့ မဲစာရင်းထဲက မဲပေးရမဲ့နံပါတ်ပေါ့နော် အဲဒါတွေကို စာရင်းကောက်ထားတယ်။ ရွေးကောက်ပွဲပြီးရင် မဲပေးပြီးတဲ့အကြောင်း အထက်ကို ပြန်တင်ပြရမယ်ပေါ့နော်။ အဲဒီတော့ မဖြစ်မနေ မဲထည့်ရမဲ့သဘောပေါ့”
၂၀၂၀ ရွေးကောက်ပွဲတုန်းက နေပြည်တော်က မဲဆန္ဒနယ် ၁၀ ခုအနက် ၉ ခုအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ပါတယ်။
အခုရွေးကောက်ပွဲမှာတော့ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ပယ်ဖျက်ထားတာကြောင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အင်အားအကြီးဆုံး ဖြစ်လာတာပါ။
၂၀၂၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရဖို့ မျှော်လင့်ထားတယ်လို့ ကြံ့ခိုင်ဖွဲ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်းက RFA ကိုပြောပါတယ်။
ဦးလှသိန်း- ပြောခွင့်ရသူ (USDP)
“ရွေးကောက်ပွဲမှာက အားလုံးက Equal Chance ပါပဲခင်ဗျ။ ပြောရလို့ရှိရင် လုံခြုံရေးတွေ ဘာတွေ တောင်းခံနိုင်တယ်ဆိုတာ နိုင်ငံရေးပါတီတိုင်း အားလုံးရနိုင်တဲ့ Equal Chance ပါ။ ကျနော်တို့ပါတီက ပိုမိုစည်းရုံးနိုင်မယ် မူလကတည်းက မြို့နယ်တိုင်းမှာ ကျနော်တို့ပါတီ အဖွဲ့အစည်းတွေက ရှိတယ်လေ ရှိတဲ့အခါကျတော့ အဲဒီအားသာချက်လေးတွေကတော့ အခြေအနေပြန်ပေးပါလိမ့်မယ်။ မျှော်လင့်တာတော့ အများကြီးမျှော်လင့်ထားပါတယ်။ ကျနော်တို့ပါတီ နိုင်သွားရင်လည်း အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မျှော်လင့်ထားပါတယ်”
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေစီစဉ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း နေပြည်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ် ဝင်ပြိုင်ခဲ့ကြပါတယ်။
အဲဒီတုန်းကတော့ ဇဗ္မူသီရီမြို့နယ်က ဝင်ပြိုင်တဲ့ ဦးသိန်းစိန်က သမ္မတ၊ ပုဗ္ဗသီရိမြို့နယ်ကနေ ဝင်ပြိုင်တဲ့ သီဟသူရတင်အောင်မြင့်ဦးက ဒုသမ္မတ၊ ဇေယျာသီရိမြို့နယ်ကနေ ဝင်ပြိုင်တဲ့ သူရဦးရွှေမန်းက လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒက္ခိဏသီရိမြို့နယ်က ဝင်ပြိုင်တဲ့ ဦးမြင့်လှိုင်က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး စတဲ့ ထိပ်တန်းရာယူးတွေ ရယူခဲ့ကြတာပါ။
လက်ရှိမှာလည်း နေပြည်တော်ကောင်စီနယ်မြေဟာ စစ်တပ်ထိမ်းချုပ်ထားတာဖြစ်လို့ မဲဆွယ်စည်းရုံးတာတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရပေမဲ့ အရင်ရွေးကောက်ပွဲတွေတုန်းကလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်မကောင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြတ်သန်းနေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတချို့နဲ့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် မြို့ခံလူထုရဲ့ စိတ်ဝင်စားမှုလည်း လျော့ကျနေတယ်လို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။
ဒေသခံ-ဇမ္မူသီရိမြို့နယ်
“ရွေးကောက်ပွဲစိတ်ဝင်စားမှုကတော့ သူတို့ကိုကြိုက်တဲ့သူတွေကတော့ အားတက်သရောရှိတာပေါ့။ ကျနော်တို့လို မကြိုက်တဲ့သူတွေကျတော့လည်း ဒီအတိုင်းပဲ နေဖြစ်တာပေါ့။ ကျနော့်တို့လူတွေလည်း အများကြီးပဲ။ ကိုယ့်အလုပ်နဲ့ ကိုယ်တောင်မအားတော့ မဲစာရင်းတောင် မကြည့်ဖြစ်ဘူး”
ငလျင်ဒဏ်သင့်နေပြည်တော်မှာ ပြိုကျပျက်ဆီးနေတဲ့ ဝန်ထမ်းအိမ်ရာတွေ၊ စျေးနဲ့ အခြေအခံအဆောက်အဦတွေကို ငလျင်ကာလ ၉ လကြာလတဲ့အထိ ပြီးပြတ်အောင် မပြင်ဆင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ငလျင်ကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့တဲ့ လွှတ်တော်အဆောက်အဦတွေကိုတော့ စက်ယန္တရားတွေအပါအဝင် အလုပ်သမားအင်အား ထောင်နဲ့ချီသုံးပြီး အင်တိုင်အားတိုက် ပြင်ဆင်နေပြီလို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။
နေပြည်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ ခုအတွက် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွေအပါအဝင် နိုင်ငံရေးပါတီ ၇ ခုက ကိုယ်စားလှယ်လောင်း ၇၄ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
