မန္တလေးမြို့မှာ စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၈ ရက် မနက် ၆ နာရီက စပြီး မဲရုံတွေ ဖွင့်လှစ်ကာ ရွေးကောက်ပွဲ ပထမပိုင်းကို လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ပြုလုပ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။ အောင်မြေသာစံမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်တွေမှာ စစ်ကော်မရှင်ကရွေးကောက်ပွဲ ကျင်ပနေတာပါ။
မနက်အစောပိုင်းကလည်း ရှော့တိုက်ဒုံးလေးလုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်က လမ်းဆုံးလမ်းခွ အပါအဝင် မဲရုံအနီးပတ်ဝန်းကျင်တွေ လုံခြုံရေး တိုးမြင့်ချထားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
မန္တလေးမြို့ခံ
“ရွှေးကောက်ပွဲကို ၂၀၂၀ တုန်းကလို လွတ်လွတ်လပ်လပ် မဲပေးရတာ မဟုတ်ဘူး။ မဲရုံတွေ ရှိတဲ့ တစ်ပြလောက်ကို ဟိုဘက်ထိပ် ဒီဘက်ထိပ် ပိတ်ပြီးတော့မှ မဲရုံအဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာ တွေ့ရတယ်။ ဒီနေ့မနက်အစောပိုင်းကလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံထားရတော့ အောင်မြေသာစံထဲက မဲရုံတွေဆိုရင် စစ်ဆေးတာတွေ လုံခြုံရေးတိုးမြင့်တာတွေ အစစ်ဆေးတွေ တင်းတင်းကြပ်ကြပ်လုပ်တဲ့ အခြေအနေမျိုးတွေ မြင်တွေ့ရတယ်။”
မဲရုံတွေမှာ မနက်ပိုင်း မဲပေးသူတွေ အများစု မြင်ရပေမယ့် နေ့လည်ပိုင်းမှာ မဲပေးတဲ့သူတွေ သိပ်မရှိတော့ဘဲ ခြောက်ကပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကလို မဲရုံတွေမှာ မဲလာပေးသူတွေကလည်း တက်တက်ကြွကြွမရှိတော့ဘဲ အခြေအနေ အကြောင်းမျိုးစုံကြောင့်သာ မဲလာပေးခဲ့ တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ခံ
“ဒို့ရပ်ကွက်ထဲလူတွေ သူ့ဘာသာ သွားပေးနေကြတာပဲ။ အပြောင်းအလဲ ဘာမှ မရှိဘူး။ ဒါမယ့် အရင်လို တက်တက်ကြွကြွ မရှိတော့ဘူး။ အခု လေးနာရီ မဲရုံပိတ်တယ် မဟုတ်လား အရင်ကဆို အရှေ့ကနေ ရေတွက်တာကို နားထောင်ကြတယ်။ ကြည့်ကြတယ်။ ဘယ်သူက ဘယ်နှစ်ခု အဲလိုလည်း မရှိတော့ဘူး။ အုပ်အော်သောင်းနင်းလည်း ဘယ်သူမှ မရှိဘူး။ သူ့ဘာသာ အထဲထဲမှာ မဲစစ်လိမ့်မယ်။ ပြီးတော့မှ အွန်လိုင်းပေါ်ကနေ သူတို့ပါတီပိုင်းဆိုင်ရာက ကြေငြာပေးလိမ့်မယ်။ အရင်ကဆို ပရဝဏ်ရှေ့ကနေ ဘယ်သူရတယ် ဘယ်သူရတယ် အော်ကြတာ အခု အဲလိုမျိုး မရှိဘူး။”
စစ်ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပ ခင်ကတည်းက ရပ်/ကျေး အုပ်ချုပ်ရေးရုံးတွေကနေ မဲလာပေးဖြစ်အောင်တိုက်တွန်း နိူးဆော်မှုတွေ ရှိနေတာကြောင့် အချို့လူတွေက ကြောက်လန့်ကာ မဲသွားပေးရတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ နဲ့ ၂၅ ရက်တွေမှာ အပိုင်းသုံးပိုင်းခွဲ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ။
