စစ်ကော်မရှင်က ကျင်းပတဲ့ရွေးကောက်ပွဲ အပိုင်း (၁ ) ရဲ့ တောင်ကြီးနဲ့ မြိတ်မြို့က မဲဆန္ဒနယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း နှစ်ဦး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြောင်း မဲရလဒ်ကို သိရှိတဲ့ အနိုင်ရပါတီတချို့က RFA ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အတည်ပြုပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ လက်ရှိ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်အောင်က ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာပါ။
သူ့ကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နန်းကျင်း (ခ) ဒေါ်နန်းစိန်က မဲအရေအတွက် ၁၆ဝဝဝ ခန့်အကွာနဲ့ အနိုင်ရရှိခဲ့တာလို့ ဆိုပါတယ်။
ဒီအပြင် တောင်ကြီး၊ ဟိုပုံးနဲ့ လွိုင်လင် မဲဆန္ဒနယ်တွေမှာလည်း ရွေးကောက်ပွဲ အနိုင်ရရှိတယ်လို့ PNO ပြောခွင့်ရ ပါတီအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက RFA ကို ပြောပါတယ်။
“တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင် သုံးနေရာစလုံးက ပြည်သူ့လွှတ်တော်ရော၊ ပြည်နယ် FPTP ရော အကုန်လုံး အနိုင်ရရှိပါတယ်။ ရွေးကောက်ပွဲ အပိုင်း ၂ မှာလည်း ရှမ်းပြည်တောင်ပိုင်းက နေရာအများစုမှာ ထပ်နိုင်ဖို့ မျှော်လင့်တယ်”
တနင်္သာရီတိုင်း မြိတ်မြို့မှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ (PP) ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်တဲ့ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးလင်းအောင် ရှုံးနိမ့်ခဲ့ပါတယ်။
မြိတ်မြို့ ပြည်သူ့လွှတ်တော်အနေရာအတွက် ပြည်သူ့ပါတီက ဝင်ရောက်ရှင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းသွယ်က အနိုင်ရခဲ့တာပါ။ မဲအနိုင်ရတာနဲ့ပတ်သက်လို့ USDP ပါတီဘက်က ကန့်ကွက်တိုင်ကြားထားတယ်လို့လည်း ဆိုပါတယ်။
မြိတ်မြို့နယ် ပသောင်းကျေးရွာအုပ်စုရဲ့ မဲရုံမှာ ပြည်သူနှစ်ဦးမဲလာထည့်ချိန် မဲရုံအမည်စစ်ဆေးသူက PP ပါတီကို မဲထည့်ရန် ညွှန်ပြခဲ့တာဆိုပြီး USDP ဘက်က ကန့်ကွက်ခဲ့တာပါ။
ဒါပေမဲ့ အဲဒီကန့်ကွက်မှုက ဖြေရှင်းလို့ရကြောင်း ပြည်သူ့ပါတီ (PP) အတွင်းရေးမှူး ဦးကျော်ကျော်ထွေး (ကိုမာကီး) က RFA ကို ပြောပါတယ်။
“ရွေးကောက်ပွဲ အပိုင်း (၁) မှာ မြိတ်မှာ တစ်နေရာပဲနိုင်တယ်။ ကျန်တဲ့နေရာတွေမှာတော့ ရှုံးတယ်။ ရှုံးတာမှာ ဒုတိယတောင်နည်းတယ်။ တတိယများတယ်။ မြိတ်မှာ နိုင်တဲ့ဟာလည်း ကန့်ကွက်ခံထားရတယ်။ ဒါပေမဲ့ ဖြေရှင်းလို့ရပါတယ်”
ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးလင်းအောင် ဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စစ်ကော်မရှင်တပ်ရဲ့ စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ယူထားသူဖြစ်ပြီး ရွေးကောက်ပွဲနီးမှ USDP ပါတီကို ယူနီဖောင်းချွတ်ဝင်ပြိုင်ဖို့ စေလွှတ်ခံရသူဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာကျင်းပခဲ့ပြီး နေပြည်တော်မှာ နေအားလုံးအနိုင်ရခဲ့သလို နိုင်ငံတစ်ဝန်းမှာလည်း ၈၀ ရာခိုင်းနှုန်းအထိ အနိုင်ရကြောင်း USDP ပါတီ ပြောခွင့်ရသူ ဦးလှသိန်းက RFA ကိုပြောပါတယ်။
ဒါပေမဲ့ ကြိုတင်မဲပေးတဲ့နေရာတွေနဲ့ ကြိုတင်မဲရေတွက်တဲ့နေရာတွေမှာ နိုင်ငံရေးပါတီတွေကို အသိမပေးတာနဲ့ လိုက်ပါခွင့်မပြုတာကြောင့် လွတ်လပ်ပြီးမျှမှုမရှိဘူးလို့ ဝေဖန်မှုတွေလည်းရှိပါတယ်။
ဒီအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို ဖိအားပေးမဲထည့်ခိုင်းတဲ့ အခြေအနေတွေလည်းရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ချို့က ပြောပါတယ်။
အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာမှာ ပထမဆုံးကျင်းပတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သမျှ ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖယ်ထုတ်ခဲ့ပါတယ်။
ဒီအပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယအများဆုံး အနိုင်ရရှိတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီလည်း ဖျက်သိမ်းခံထားရသလို၊ စတုတ္ထုအများဆုံးအနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကိုလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မပေးခဲ့ပါဘူး။
ဒါကြောင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းကပဲ နေရာအများစုကို အနိုင်ရထားအောင် အကွက်ကျကျစီစဉ်ထားတဲ့ရွေးကောက်ပွဲလို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ ။
