ရွေးကောက်ပွဲကျင်းပပြီးတာနဲ့ လာမဲ့ မတ်လမှာ လွှတ်တော်စတင်ခေါ်ယူပြီး ဧပြီလအတွင်း အစိုးရသစ်ဖွဲ့မယ်လို့ အာဏာသိမ်း စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့က မီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောပါတယ်။
“ကျနော်တို့က လွှတ်တော်က မတ်လထဲမှာ ခေါ်မှာပဲ။ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် ကျနော်တို့ ဧပြီလထဲမှာတော့ အစိုးရသစ်ပေါ့နော် အစိုးရသစ်တာဝန်တွေက ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းက လုပ်ခဲ့တဲ့ ပုံမှန် ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်”
ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်က သွားခဲ့တဲ့ အစိုးရသစ် ဖွဲ့စည်းတဲ့ အချိန်းဇယားတွေတိုင်း ပြုလုပ်ဖို့ ပြင်ဆင်နေတာလို့ လေ့လာသူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု တွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အာဏာသိမ်း ငါးနှစ်အကြာမှာ နိုင်ငံရေးထွက်ပေါက်ရနိုင်ဖို့ ရွေးကောက်ပွဲကို မဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ကျင်းပ နေတာလို့ အတိုက်အခံအင်အားစုတွေက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို စစ်တပ်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အတုအယောင် ရွေးကောက်ပွဲဆိုပြီး ကန့်ကွက်ထားကြပါတယ်။ ။
