စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကို မြို့နယ် ၁၀၀ ကျော်မှာ ဇန်န၀ါရီလ ၁၁ ရက်နေ့က ကျင်းပရာမှာ လာရောက်မဲပေးသူ အလွန်နည်းပါးခဲ့ပြီး တချို့ဒေသတွေမှာဆို မဲပေးဖို့ အကြပ်ကိုင် ခြိမ်းခြောက်တာ၊ မဲရုံတွေတိုက်ခိုက်ခံရတာ၊ တဘက်မှာလည်း ရွေးကောက်ပွဲနေ့မှာ စစ်ကော်မရှင် တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။
အပိုင်း ၂ ကျင်းပတဲ့ ရန်ကုန်မြို့တွင်း မြို့နယ်တချို့ကို စစ်ကော်မရှင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကော်မရှင်သတင်းဌာနတွေက ရေးပါတယ်။ ရန်ကုန်မြို့တွင်း မြို့နယ်တွေဖြစ်တဲ့ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်စတဲ့ မြို့နယ်တွေမှာ မဲလာပေးသူ အလွန်နည်းခဲ့တယ်လို့ သတင်းဌာနတွေက ရေးပါတယ်။
ရန်ကုန်တိုင်းထဲက မဲဆန္ဒနယ် ၁၆ နယ်ထဲက ကြည့်မြင်တိုင်မြို့နယ်ကလွဲလို့ ကျန် ၁၅ မြို့နယ်မှာ နိုင်သွားပြီလို့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်က သူ့ရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲဒုတိယပိုင်းမှာ လသာမြို့နယ်ကနေ တသီးပုဂ္ဂလဝင်ပြိုင်တဲ့ အရင် NLD ပါတီ ဗဟိုအလုပ် အမှုဆောင်နဲ့ ပြည်သူ့လွှတ်ေတာ် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း စလင်းမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပမှီ ညပိုင်းမှာ စစ်ဘေးရှောင် ၁၅၀ လောက်ရှိနေတဲ့ နွယ်တမယ်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် ၁၈ ဦးခန့် ဒဏ်ရာရသွားတယ်လို့ နယ်ခံလက်နက်ကိုင် တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ကံမမြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနေချိန် နယ်လှည့် ကြီးကြပ်နေတဲ့ အုပ်ချုပ်ရေးယာဉ်တန်း တိုက်ခိုက်ခံရပြီး ကံမမြို့နယ် အုပ်ချုပ်ရေမှူးတစ်ဦး သေဆုံးခဲ့တယ်လို့ ကံမဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၅ နာရီမှာ ရန်ကုန်- မန္တလေးကားလမ်းဟောင်း ဖြူးမြို့မြောက်ဘက် နှစ်မိုင်ခွဲအကွာ ဆားဂွန်းရွာက စစ်ကော်မရှင်တပ်တွေကို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဧရာ၀တီသတင်းမှာ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနေတဲ့ ထန်းတပင်မြို့နယ်မှာလည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံရပြီး တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံးက အရာရှိတစ်ဦးနဲ့ တပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အပိုင်း ၂ ရွေးကောက်ပွဲ မတိုင်ခင် ဇန်နဝါရီလ ၁၀ ရက်နေ့ ညနဲ့ ၁၁ ရက် မနက်တွေမှာ မန္တလေးတိုင်း တံတားဦးလေတပ်က စစ်တပ် ဂျက်လေယာဥ် ၁ စီးဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အရှေ့မြောက် ဘက်ရှိ လေးရွာ စာသင်ကျောင်း၊ အနောက်ရှိ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနဲ့ ဘုန်းကြီးကျောင်းအနီး နေရာတွေကို ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
