ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကမြို့နယ်တွေမှာ ဇန်နဝါရီလ ၇ ရက်နေ့က ဇန်နဝါရီလ ၁၁ ရက် နေ့အထိ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေဆက် ဖြစ်နေပါတယ်။
အနောက်ခြမ်းမှာဆိုရင် မင်းလှ၊ လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တွေက စစ်ကော်မရှင် လက်အောက်ခံတပ်စခန်းတွေ တိုက်ခိုက်ခံရတာပါ။
အရှေ့ခြမ်းမှာတော့ ရန်ကုန် - မန္တလေးလမ်းဟောင်းပေါ်က ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (ခ) အောင်မြင်မြို့ကို ဇန်နဝါရီလ ၈ ရက်နေ့ညမှာ တော်လှန်ရေး အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ပြန်ထွက်သွားတဲ့အခါမှာတော့ စစ်တပ်က မြို့ထဲမှာ နေရာ ပြန်ယူ ထားတယ်လို့ မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဘက်မှာတော့ အခုတော့ စခန်းတွေထဲကို စစ်တပ်က ဝင်နေရာယူနေတယ်လို့ ကြားတယ်။ ဒီနေ့ ပြောတာပေါ့ ဝေးတယ်။ မနက်ခင်းပိုင်းတုန်းကတော့ လက်နက်ကြီးတွေ ထုနေတာ ကြားတယ်။ မြို့ပေါ်တော့ စခန်းတွေ ဘာတွေမှာ သူတို့ နေရာ ပြန်ယူတယ်ပြောတယ်။ ဒီနေ့တော့ မြို့ထဲ လျှောက်သွားကြည့်သေးတယ်။ သံလမ်းအရှေ့ဘက် ဆိုင်တွေ နဲ့ အိမ်တွေကတော့ ပိတ်ထားတုန်းပဲ”
မြို့ အရှေ့ဘက်မှာ လက်နက်ကြီးသံတွေ ကြားနေရသလို လမ်းပေါ်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ နဲ့ ကားတွေ မီးလောင်နေတာတွေ တွေ့ရပြီး အဲဒီ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို စစ်တပ်က လူမှုကူညီရေးအသင်းတွေကို ပို့ဆောင်ခိုင်းတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်မှာ ရန်ကုန် - မန္တလေး လမ်းဟောင်းကို ဖွင့်လှစ်ထားပေမယ့် ရဲစခန်းမီး ရှို့ခံထားရပြီး မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံထားရပြီလို့ စောစောကမြို့ခံက ပြောပါတယ်။
တောကျွဲအင်းမြို့ပေါ်မှာ ၁၄ ရပ်ကွက် နဲ့ အိမ်ထောင်စု နှစ်ထောင်ခန့် နေထိုင်ကြပြီး မြို့ရဲ့ အရှေ့ဘက် ရပ်ကွက်တွေ ဖြစ်တဲ့ အောင်ဇေယျ ၁၊ အောင်ဇေယျ ၂ ၊ သံမဏိ ၊ ပြည်တော်သာ ၊ အဝေရာရပ်ကွက် တွေနဲ့ နတ်သံကွင်း၊ ပျဉ်မပင်၊ ကျွန်းကုန်း ၊ သနပ်ကွင်း ၊ ရွာသစ်စတဲ့ ကျေးရွာပေါင်း နှစ်ဆယ်ခန့်က ဘေးလွတ်ကို ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။ အချို့ ငွေကြေးတတ်နိုင်သူတွေနဲ့ အသွယ်ရှိ သူတွေက ပဲခူး၊ ရန်ကုန် ၊ ဖြူး ၊ ဇေယျဝတီမြို့တွေကို ရှောင်ကြတယ်လို့ပြောပါတယ်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ပဲခူးတိုင်း အနောက်ခြမ်း ရန်ကုန် - ပြည်လမ်းပေါ်က စစ်တပ်စခန်းတွေအပါအဝင် မင်းလှ၊ ဇီးကုန်း နဲ့ နတ်တလင်းမြို့နယ်တွေက တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီမြို့နယ် တော်လှန်ရေးဦးဆောင်အဖွဲ့ ဒုတာဝန်ခံ ကိုလူအေး က RFA ကို ပြောပါတယ်။
“မနက်ခင်း မနက်စောစောကတည်းက သွားပြီးတော့ ဝိုင်းတိုက်ကြတာပေါ့နော်။ တိုက်တဲ့နေရာမှာ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ကြတယ်။ သူတို့ဘက်က သေဆုံးတဲ့ အရေအတွက် တွေ များတယ်ပေါ့။ ပျူစောထီးတွေ အပါအဝင် တော်တော်များများ သေဆုံးကြောင်း ကျွန်တော်တို့ ကြားသိရတယ်။ ဒီတိုက်ပွဲကြာချိန် လေးနာရီ အတောအတွင်းမှာ ကျွန်တော်တို့ဘက်က ရဲဘော်အချို့ ဒဏ်ရာအနည်းငယ် ရတာရှိပါတယ်။ သူတို့ကို သွားတိုက်ပြီးတဲ့ အခါကျတော့ ကျွန်တော်တို့တွေ ပြန်တော့ ဆုတ်လာရပါတယ်”
လက်ပံတန်းမြို့ နဲ့ မင်းလှမြို့ကြားက တာကလေးရွာလမ်းဆုံ အပါအဝင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်ဆွဲထားတဲ့ ပဲခူးရိုးမ ဝင်ပေါက် ထွက်ပေါက် တာဆုံတွေက စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကိုလူအေးကပြောပါတယ်။ အဲဒီ လမ်းဆုံတာဆုံတွေမှာ တပ်ဆွဲထားတဲ့ စစ်တပ်ဟာ ပဲခူးရိုးမကနေ သွားလာတဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေကို မကြာခဏ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
လက်ရှိ ရွေးကောက်ပွဲကာလမှာ စစ်ကော်မရှင်ဟာ မဲရဖို့နဲ့ မဲရုံတွေ လုံခြုံရေးကိုပဲ အလေးထား နေတာလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
“ဒီရွေးကောက်ပွဲကာလမှာ စစ်တပ်က သူ့မဲရုံ လုံခြုံရေးတွေရော တပ်စခန်းလုံခြုံရေးတွေရောဆိုတော့ အင်အားတွေက ဖြန့်ခွဲထားရတယ်။ အဲမှာ မလုပ်နိုင်တဲ့ မြို့နယ်တွေ ရှိတယ်ပေါ့နော်။ အဲမြို့နယ်တွေကို တော့ သူဟထားပေးရမှာပေါ့။ ဒီရွေးကောက်ပွဲတွေ အားလုံး ပြီးသွားရင်တော့ သူက သူလိုချင်တာ မဲပဲ။ ကျန်တဲ့ စစ်အရှုံး အနိုင်လည်း မဟုတ်တော့ဘူးပေါ့နော်။ အဲတော့ ရွေးကောက်ပွဲတွေ အားလုံးပြီးသွားပြီ ဆိုရင် သူရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကိုပဲ သူအနေနဲ့က ထိုးစစ် ပြန်စလိမ့်မယ်”
ပဲခူးတိုင်း ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ရွေးကောက်ပွဲအတွက် အစည်းအဝေး ကျင်းပနေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ပြောပါတယ်။
မင်းလှမြို့၊ လမ်းမတော်လမ်း တရုတ်ဘုံကျောင်းက စစ်ကော်မရှင်မဲရုံ နဲ့ လက်ပံရေကျော်အုပ်စုက အမှတ် (၁) မဲရုံ အစောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၁၁ ရက် ဒီကနေ့မနက်မှာ အုတ်ဖို မြို့ပြ ပြောက်ကျားတပ်ဖွဲ့ နဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက သတင်းထုတ် ပြန်ထားပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့နေ့မှာ ပဲခူးတိုင်း ဖြူးမြို့နယ် ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က ဆားဂွန်းစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက် သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ဇန်နဝါရီလ ၁၁ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂ ကို ပဲခူးတိုင်းထဲက မင်းလှ၊ မိုးညို၊ ပေါင်းတည်၊ ဇီးကုန်း၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သနပ်ပင်၊ ကဝ၊ ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင် နဲ့ ရေတာရှည်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
