စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း (၂) အဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၀ မှာကျင်းပခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲက တချို့မှာ နေ့စဉ်တိုက်ပွဲတွေရှိနေပြီး ဒေသခံတွေဟာ ဘေးလွတ်ရာ နေ့ရပ်စွန်ခွာပြေးနေရတဲ့ အခြေနေတွေရှိနေပါတယ်။
ရွေကောက်ပွဲကျင်းပနေချိန် စစ်ကော်မရှင်ရဲ့ မဲရုံနဲ့ စစ်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရပ်သားတချို့ သေဆုံးခဲ့ပါတယ်။ ရွေးကောက် အပိုင်း (၂) ကျင်းပနေချိန်မှာ နှစ်ဘက် လက်နက်ကိုင်တပ်တွေက တိုက်ခိုက်ရေးသမားတွေ မပါဘဲ အရပ်သားနဲ့ ဝန်ထမ်း ၅ ဦးထက်မနည်း သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာဆိုရင် ရွေးကောက်ပွဲ မကျင်းပခင် တစ်ရက်အလို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ချောင်းဦးမြို့ ပတ်လည်ကရွာတွေကို ရွေးကောက်ပွဲ လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ညောင်ပင်တဲနဲ့ တောင်ဖီလာရွာက ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ၁၃ နှစ်အရွယ် ယောက်ကျားလေးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် နောက်ထပ် ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲနေ့မှာတော့ မြို့ပေါ်မှာ ရွေးကောက်ပွဲကျင်းပနေပေမဲ့ ရွာတွေကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သလို တော်လှန်ရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲ ကျင်းပရာနေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
ဒေသခံ-ချောင်းဦးမြို့နယ်
“မနက် ၄ နာရီလောက်ကတည်းက ထုနေတာပဲ တစ်နာရီခြားတို့ နာရီဝက်ခါတို့၊ အခုကိုထုနေတုန်း တဒုံးဒုံးနဲ့။ ဂျိုက်ယိုကော်ပတာလည်းလာတယ်။ ဂျိုယိုကော်ပတာတော့ မှန်ချိုရွာဘက်ချသွားတာ ပြည်သူတွေလည်း ရွာထဲမှာ မနေရဲကြတော့ ထွက်ပြေးပြီး တောထဲမှာပဲ ပုန်းအောင်းနေကြရတာ။ များသောအားဖြင့် ရှောင်ကြတာများတယ် ဒါပေမဲ့ မြို့ထဲမှာရှိတဲ့ဟာတွေကျတော့ သူတို့မကင်းမကွာတဲ့သူတွေပေါ့ဗျာ။ မြို့ထဲနေတဲ့အခါကျတော့ မပေးမနေရ ခြိမ်းခြောက်တာတွေရှိတယ်။ ဖမ်းလိုက် ဆီးလိုက် ရိုက်လိုက်ပေါ့။ တကယ်လို့ မဲနံပါတ် မသိရင် ကိုယ့်မဲနံပါတ် မသိရမလားဆိုပြီး ရိုက်တယ်။ ဘယ်မဲရုံကျတာတုန်းဆိုပြီး ရိုက်တာပေါ့။ အဲဒါကြောင့် တချို့ကလည်း မဲနံပါတ်ကို ကြိုတင်ပြီး သွားကြည့်ထားရတဲ့သူတွေ အများကြီးပဲ ”
ချောင်းဦးမြို့နယ်မှာ မြို့ပေါ် ၆ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၂၆ ခုရှိတဲ့အနက် မြို့ပေါ် ၆ ရပ်ကွက်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အလားတူး စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာဆိုရင်လည်း မြို့ပေါ်ရပ်ကွက်မှာ ရွေးကောက်ပွဲ ကျင်းပနေချိန်နဲ့ တပြိုင်နက် ရွာတွေဘက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရေဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒေသခံ-ရေဦးမြို့နယ်
“ဒီနေ့ကျတော့ နေ့လယ် ၁ နာရီလောက်က ရေဦးရဲ့ မြောက်ဘက် အုန်းနပေါင်းရွာကို ဂျက်ဖိုက်တာနဲ့ပဲ ထပ်ကြဲတယ်။ စစ်ရေးအခြေအနေကတော့ မြို့ပေါ်မှာလည်း တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ကြားနေတယ်။ ဟိုကပြန်ပစ်သံလည်း ကြားနေရတာပဲ လက်နက်ကြီးတွေနဲ့”
မကွေးတိုင်း စလင်းမြို့နယ်မှာတော့ ရွေးကောက်ပွဲမကျင်းပမှီ ညပိုင်းမှာ နွယ်တမယ်ရွာက စစ်ဘေးရှောင် ၁၅၀ လောက်ရှိနေတဲ့နေရာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် ၁၈ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (စလင်း- ညီနောင်) က ထုတ်ပြန်ပါတယ်။
ကံမမြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနေချိန် ပြည်-ကံမ ကားလမ်းပိုင်းမှာ ရွေးကောက်ပွဲကျင်းပနေ ကို လှည့်လည်ကြီးကြပ်နေတဲ့ အုပ်ချုပ်ရေးယာဉ်တန်း တိုက်ခိုက်ခံရပြီး ကံမမြို့နယ် အုပ်ချုပ်ရေမှူး ဦးဇော်မင်းနိုင်သေဆုံးခဲ့တယ်လို့ ကံမဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာလည်း ရွေးကောက်ပွဲကျင်းပနေချိန် ထန်းတပင် အထွေတွေအုပ်ချုပ်ရေးရုံးပေါ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရပြီး တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ဒါဟာ စစ်ရေးအကဲဆတ်တဲ့ မြို့နယ်တွေမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ စစ်တပ်ထိမ်းချုပ်ထားတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတော့ အခုအခြေအနေနဲ့ မတူပါဘူး။ အဲဒီမြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး မြို့ခံတွေ မဲပေးဖို့ ဖိအားပေးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်က ရွေးကောက်ပွဲ အပိုင်း ၂ မှာ အခြေအနေကို မန္တလေးမြို့ခံတစ်ဦး ပြောတာက--
“မနေ့ကကတည်းက လမ်းတွေ အကုန်ပိတ်ထားတာလေ။ မဲပေးမဲ့နေရာတွေ တစ်ပြပတ်လည်လောက် မဲရုံရှိတဲ့နေရာတွေဆို သူတို့ ပိတ်ထားတဲ့သဘောပေါ့နော်။ စစ်တပ်ရော ရဲရော ပျူရော အကုန်လုံးသူတို့ မဲရုံတွေကို သွားလိုက်လာလိုက်လုပ်နေတာ တဝီဝီ တဝမ်ဝမ်နဲ့။ ၂ နာရီလောက်ကျတော့ မဲရုံတွေကို မဲသွားပေးဖို့ ကားနဲ့ လိုက်အော်နေပြီ။ မပေးရသေးတဲ့သူတွေ မဲသွားပေးပါပေါ့”
စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့မှာလည်း လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲရုံတွေကို လှည့်လည်ကြည်ရှု့ခဲပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနေတဲ့ မြို့နယ် ၁၀၀ ထဲမှာ မြို့ပေါ်ရပ်ကွက် ၂၈ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၄၆၄ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ။
