ရွေးကောက်ပွဲ (၁) နှင့် (၂) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နေရာအများစု နိုင်

အပိုင်း (၂) လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၀၀ အနက် ၈၇ နေရာ အနိုင်ရထားဟုဆို။

စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ (၂) က ထွက်ပေါ်လာတဲ့ ရလာဒ်တွေအရ ဇန်န၀ါရီလ ၁၃ ရက်နေ့အထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ ၃၃၀ အနက် စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ၁၇၆ နေရာ အနိုင်ရထားတယ်လို့ အမည်မဖော်လိုတဲ့ ပါတီ အရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းက ရေးသားလိုက်ပါတယ်။

ရွေးကောက်ပွဲ (၁) နှင့် (၂) ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နေရာအများစု နိုင် (RFA Video)

ရွေးကောက်ပွဲ အပိုင်း (၂) မှာ လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၁၀၀ အနက် ၈၇ နေရာ အနိုင်ရထားတယ်လို့ သူက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဦးစီးတဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ အပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်နေရာ ခြောက်နေရာမှာ လတ်တလော အနိုင်ရရှိထား တယ်လို့ ပါတီ အရာရှိတွေက သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) က ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၅ နေရာ၊ မွန်ညီညွတ်ရေးပါတီ MUP က ၁၇ နေရာ အနိုင်ရထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာလည်း နေပြည်တော် ပြည်ထောင်စု နယ်မြေမှာ ပါဝင်တဲ မြို့နယ် ၈ မြို့နယ်လုံးက ပြည်သူ့လွှတ်တော်နေရာတွေအတွက် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တယ်လို့ ပါတီပြောခွင့်ရသူ ဦးလှသိန်းက RFA ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ပြောခဲ့ပါတယ်။

၂၀၂၁ ဖေဖော်၀ါရီမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဥ်းချပြီး ၅ နှစ်အကြာမှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်လက်အောက်ခံ စစ်တပ်အရာရှိကြီးတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကို အသာစီးရအောင် ဘက်လိုက် စီစဥ်ထားတဲ့ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲသာဖြစ်ပြီး စစ်အာဏာ တည်မြဲစေတဲ့ လုပ်ရပ်အဖြစ် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက ၀ေဖန် ကန့်ကွက်ထားပါတယ်။ ။