ရွေးကောက်ပွဲပြီးသွားပေမယ့် စလင်းအမတ်လောင်းတွေ မဲဆွယ်ဆိုင်းဘုတ်တောင် ထောင်ခွင့်မရခဲ့

စစ်ပွဲတွေကြားရွေးကောက်ပွဲပြီးသွားတဲ့ မကွေးတိုင်းမှာ ပြည်သူတွေမဲပေးဖို့ထက် စစ်ဘေးကလွတ်အောင်ရှောင်ဖို့ကြိုးစားခဲ့ရ။

မကွေးတိုင်း ၂၅ မြို့နယ်မှာ တော်လှန်ရေးအဖွဲ့တွေကြီးစိုးထားတဲ့နယ်မြေများတဲ့အတွက် ရွေးကောက်ပွဲ အပိုင်း နှစ်ပိုင်းကို မြို့နယ် ၂၀ က နေရာတချို့မှာပဲကျင်းပပြီးစီးခဲ့ပါပြီ။ ဒီကြားထဲမှာ တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေအပါအဝင် ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရ ပါတယ်။

ရွေးကောက်ပွဲအပိုင်း ( ၂ ) မှာပါခဲ့တဲ့ စလင်းမြို့နယ်က ဒီကာလမှာအဆိုးဆုံးဖြစ်ခဲ့ရတယ်လို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP) ရဲ့ ဒေသတွင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ မတည်ငြိမ်မှု အများဆုံးဖြစ်သွားတာက မကွေးတိုင်းထဲမှာ စလင်းပေါ့၊ စလင်းမှာ မဲရုံအချို့မှာ မတည်ငြိမ် မှုတွေတော့ ရှိခဲ့တယ်၊ အခက်ခဲတွေတော့ရှိခဲ့တယ်။ ဒါပေမဲ့ မဲရုံတွေပိတ်သိမ်းသွားရလောက်အောင် ရွေးကောက်ပွဲပျက်စီးသွားလောက်အောင်တော့ အခြေအနေက မဖြစ်ခဲ့ပါဘူး”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တွေထဲကခေါင်းဆောင်တွေအထိ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်းမှာ ရွေးကောက်ပွဲအပိုင်း (၁) အတွက် (၉) မြို့နယ်နဲ့ အပိုင်း (၂ ) အတွက် ၁၁ မြို့နယ်ပြုလုပ်ခဲ့ ပါတယ်။ ရေစကြို၊ မြိုင်၊ ပေါက်၊ ထီးလင်းနဲ့ ဆောမြို့နယ်တို့မှာတော့ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့ပါဘူး။

အဲဒီအပြင် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့်အရပ်သားတွေထွက်ပြေးရပြီး အခုအချိန်အထိ အိမ်မပြန်နိုင်ကြ သေးဘူးလို့ ဆင်ဖြူကျွန်းဒေသခံတွေက ပြောပါတယ်။

စလင်းမြို့ကနေစစ်ဘေးရှောင်ဖို့ မြို့ပြင်ထွက်လာတဲ့ပြည်သူတွေကိုလည်း မဲမပေးရသေးပဲ ထွက်ခွင့်မပေး ဘူးဆိုပြီး စစ်ကောင်စီတပ်ကခြိမ်းခြောက်တားမြစ်တာတွေရှိခဲ့တယ်လို့ ပြည်သူ့ ညီနောင် (စလင်း) အဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအတွက် ပိုပြီးခက်ခဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စလင်းမြို့ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ မဲသွားပေးမယ့်ပြည်သူတွေအတွက်ကျတော့လည်း ဘယ်လိုသွားပြီးပေးမလဲ။ သူတို့အနေနဲ့လည်း လုပ်လို့မရ သလို မဲသွားပေးမယ့်ပြည်သူကလည်းပေးစရာအကြောင်းမရှိဘူး၊ ပေးလို့မရဘူး။ နယ်မြေမငြိမ်းချမ်းတဲ့ အတွက်ကြောင့်ပေါ့နော်။ စစ်ရှောင်နေတဲ့သူတွေကို မဲလာပေးဆိုပြန်တော့လည်း သူတို့ကို မဲပေးဖို့နေနေသာသာ ကိုယ့်ရဲ့ စားဝတ်နေရေး၊ ကိုယ့်ရဲ့နေရေးထိုင်ရေးတောင် မနည်းရပ်တည်နေရတာ။ မဲပေးဖို့ဆိုတာက တော်တော် မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်”

ကိုယ်စားလှယ်လောင်းတွေအတွက်လည်း မဲစွယ်ဆိုင်းဘုတ်တောင်မထောင်လိုက်ရဘူး လို့ ပြည်သူ့ပါတီ ‌ဒေသဆိုင်ရာတာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ မဲပေးတဲ့ရက်ရောက်တဲ့အထိအောင်ကို လက်ရှိအခြေအနေမှာတော့ စလင်းမြို့အပေါ်အခြေအနေနဲ့ ပတ်သက် လို့ ကျွန်တော်တို့ပါတီလှုပ်ရှားမှုမှာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ကိုယ်စားလှယ်လောင်းတွေအတွက် စည်းရုံး ရေးအားနည်းခဲ့ရတဲ့အခါကြတော့ ထိုက်သင့်တဲ့မဲအရေအတွက်ရနိုင်ဖို့အတွက် အွန်လိုင်းမီဒီယာတွေဖြစ်တဲ့ Tik Tok - Facebook တို့ကို အဓိကအားကိုးပြီး မဲဆွယ်စည်းရုံးခဲ့ရတော့ အားနည်းချက်တွေတော့အများကြီးရှိတယ် ပေါ့”

ပြည်တွင်းစစ်အရှိန်မြင့်နေပေမဲ့ ရွေးကောက်ပွဲအပိုင်း (၃ ) ကို လာမယ့် ဇန်နဝါရီ ၂၅ နေ့မှာ ပြည်နယ်နဲ့တိုင်း (၉) ခုက ၆၃ မြို့နယ်မှာ ဆက်လုပ်သွားဖို့ စစ်ကော်မရှင်က စီစဥ်ထားသလို၊ မတ်လမှာ လွှတ်တော်ခေါ်မယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတွေကို ပြောထားပါ တယ်။