ရွေးကောက်ပွဲ၀ေဖန်အပြီး စစ်ကောင်စီ၀န်ကြီးဟောင်း၊ PPP ပါတီဥက္ကဋ္ဌ ဖမ်းဆီးခံရ

ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သံရုံး၀န်ထမ်းတချို့ နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အတွက် ဥပဒေအရ အရေးယူမယ်လို့ စစ်ကော်မရှင် သတင်းထုတ်ပြန်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ လူပုဂ္ဂိုလ်တချို့နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီက ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်တို့ကို ဥပဒေအရ အရေးယူမယ်လို့ စစ်ကော်မရှင်က ဇန်န၀ါရီလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇၊ ၄၀၈ နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြားတိုင်းပြည်တခုခု ဩဇာခံခြင်း မပြုရ အချက်နဲ့ ငြှိစွန်းတဲ့အတွက် အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုထဲသဘော ရောက်နေတဲ့အတွက် တည်ဆဲအစိုးရနဲ့ ရွေးကောက်ပွဲယှဥ်ပြိုင်နေရတာနဲ့ တူကြောင်း၊ စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ်မဖြစ်စေလိုကြောင်း ပြည်တွင်းမီဒီယာတစ်ခုမှာ ဖြေကြားခဲ့အပြီး

ရက်ပိုင်းအကြာမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ဇန်န၀ါရီလ ၁၃ ရက်နေ့က စစ်ကော်မရှင်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၄ ရက်နေ့ ညနေပိုင်းမှာ ပြန်လွတ်လာခဲ့ပြီး စစ်ကော်မရှင်က အခုလို ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၅ မှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၂၀ မှာ ပါတီ ကိုယ်ပိုင်ပါတီထောင်ရွေးကောက်ပွဲ၀င်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ အပြီး စစ်တပ်က အာဏာသိမ်းဖို့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သူတွေထဲမှာပါ၀င်ပြီး ၂၀၂၁ အာဏာသိမ်းအပြီး စစ်ကောင်စီမှာ ၀န်ကြီးရာထူးတာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မူလက ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်း အကြွေးရှိတာ အကြောင်းပြပြီး ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်က ဖယ်ရှားခံခဲ့ရပါတယ်။

ဒါပေမယ့် စစ်ကော်မရှင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ သူမရဲ့ပါတီဟာ ပြည်သူ့လွှတ်တော် ၁၉၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၃၂၀ နေရာနဲ့ တိုင်းရင်းသား လူမျိုးစုလွှတ်တော် ၁၄ နေရာ၊ စုစုပေါင်း ၆၇၂ နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘယ်နှနေရာ အနိုင်ရသလဲ စာရင်းအတိအကျ ထုတ်ပြန်တာ မရှိသေးပါဘူး။