စစ်ပွဲတွင်းလိင်အကြမ်းဖက်မှုအ‌ရေးယူဖို့ ကုလပြောဆိုချက် စစ်ကော်မရှင်ကန့်ကွက်

ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် ကျူးလွန်မှုတွေ အားပေရောက်နေသလို အမျိုးသမီးတွေအတွက်လည်း တရားမျှတမှု မပေးနိုင်တဲ့ အခြေအနေ ရောက်နေ။

မြန်မာနိုင်ငံက စစ်ရေးပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေကို စစ်ကော်မရှင်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပြီး ဒီကျူးလွန်နေသူတွေကို တာဝန်ယူ အပြစ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်ကို မြန်မာစစ်ကော်မရှင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေ ပိုများလာခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေထဲမှာ စစ်ကော်မရှင် တပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေပါနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင်ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် ပရာမီလာ ပက်တင် (Pramila Patten) ကဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြောက်ခံ ထားရတဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်ဟာ ပြည်သူတွေ ကြောက်ရွံ့ ထိန့်လန့်အောင် ဗျူဟာတစ်ရပ်အနေနဲ့ နိုင်ငံရေးဖိနှိပ်မှု လက်နက်လို အဓမ္မပြုကျင့်တာနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျင့်သုံးနေတာကို အပြင်းအထန် ရှုတ်ချတယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူ ၁၁.၆ သန်းဟာ အကာအကွယ် အကူအညီမဲ့နေရသလို ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေး ၆ သန်းဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးဖို့ လိုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတဲ့အတွက် ကျူးလွန်သူတွေကို ပိုပြီး ပြစ်မှု ကျူးလွန်ဖို့ အားပေးသလိုဖြစ်နေသလို သားကောင်ဖြစ်ရတဲ့ အမျိုးသမီးတွေအတွက်လည်း တရားမျှတမှု မပေးနိုင်တဲ့ အခြေအနေမှာ ရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ကတော့ ဒီပြောဆိုချက်ဟာ အခြေအမြစ်မရှိတဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေကို အခြေခံထားတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင် နိုင်ငံရေးအရ ဖိအားပေးမှုသာ ဖြစ်ဖွယ်ရှိကြေား၊ မြန်မာ့ လူ့အဖွဲ့အစည်းဟာ လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှု အရ ဆန့်ကျင်တဲ့ အစဉ်အလာရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဘယ်လိုပြစ်မှုကိုမဆို အသေးအဖွဲပဲ ဖြစ်ဖြစ် လုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးတဲ့မူဝါဒရှိကြောင်း တုံ့ပြန်ထားပါတယ်။