အတင်းအကြပ်စစ်မှုထမ်းခဲ့ရသူ တပ်သားသစ် ၁၀ ဦး KNU ထံ လက်နက်ချခိုလှုံ

သူတို့ဟာ အတင်းအကြပ်စစ်မှုထမ်းစေခိုင်းခံရသူများ ဖြစ်ပြီး ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားဟု KNU ဆို။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာရှိတဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ ဖေဖော်ဝါရီလတတိယပတ်အတွင်း စစ်ကော်မရှင်တပ်ရင်းအသီးသီးက အတင်းအကြပ် စစ်မှုထမ်းခေါ်ဆောင်ခံရသူလူငယ် ၁၀ ဦး လက်နက်တွေနဲ့အတူလာရောက်ခိုလှုံခဲ့ကြတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က KNU က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်ခြေမြန်တပ်ရင်း ခမရ ၄၃၉ မှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဥ် (၁၃) နဲ့ (၁၅) က စစ်သင်တန်းဆင်း တပ်သား ၄ ဦး KNU တပ်မဟာ (၃) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃) ကို လက်နက်တွေနဲ့ လာရောက် ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကော်မရှင် ခြေမြန်တပ်ရင်း ခမရ-၅၉၈ က ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁၆) သင်တန်းဆင်း တပ်သားသစ် ၆ ဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) ကို လာရောက် ခိုလှုံလာတယ်လို့ ဆိုပါတယ်။

သူတို့ဟာ မိမိဆန္ဒမပါပဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံ ရသူများ ဖြစ်ကြပြီး KNU အနေနဲ့ ကောင်း မွန်စွာထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။