ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နဲ့ ၂၄ ရက်နေ့ နှစ်ရက်တွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တို့မှာ အနည်းဆုံး ကလေးငယ် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တဲ့အတွက် အထူး အထိန့်တလန့်ဖြစ်ရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များ ရံပုံငွေအဖွဲ့ (UNICEF) က ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေဟာ ပြင်းထန်လာတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြားမှာ မြေစာပင်အဖြစ် တဖန် အသက်ပေးနေကြရကြောင်း၊ ရခိုင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေထိုင်တဲ့ လူနေအိမ်တွေနဲ့ လူစည်ကားတဲ့ စျေးကို ထိမှန်ခဲ့ကြောင်း ယူနီဆက်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသလို သူတို့ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အကာအကွယ်တွေအားလုံး ပျက်စီး ဆုံးရှုံးသွားရကြောင်း၊ ယူနီဆက်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အနှံ့မှာ ပဋိပက္ခကြောင့် အတိဒုက္ခရောက်ရတဲ့ ကလေးသူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပံ့ပိုးနေကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို လေးစားလိုက်နာဖို့နဲ့ ကလေးသူငယ်တွေကို အချိန်ပြည့်အကာကွယ် ပေးကြဖို့ တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
