မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် တလင်းကုန်းကျေးရွာမှာ ဒေသခံရွာသူရွာသားတွေ နှစ်စဥ် ဗုဒ္ဓဘာသာရိုးရာ ဘုရားပွဲကျင်းပနေစဥ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်လေတပ်က စက်တပ် လေထီး ပါရာမော်တာ သုံးစီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
သေဆုံးသူ ၃ ဦးမှာ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၁၆ နှစ်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီး နှစ်ဦးလို့ ဒေသခံတွေကို ကိုးကားပြီး Myanmar Now သတင်းက ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရေးသား ဖော်ပြပါတယ်။
ဗုံးကြဲခံရတဲ့ တလင်းကုန်းရွာဟာ ငါန်းဇွန်မြို့ အနောက်ဖက် သုံးမိုင်အကွာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ လူဦးရေ ၁၀၀၀ နီးပါး နေထိုင်တဲ့ရွာလို့ သိရပါတယ်။
