မြန်မာနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံ ပြန်သုံးသပ်နေ

ဘုံသဘောတူညီချက် ၅ ရပ် မူဝါဒကို အတိုင်းအတာတစ်ခုအထိ ပြန်သုံးသပ်နေပြီး အမြဲတမ်း ကိုယ်စားလှယ်ထားရှိရေးပါ စဥ်းစားနေ။

မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အတိုင်းအတာတစ်ခုအထိ ပြင်ဆင်နိုင်အောင် ပြန်သုံးသပ်နေပြီး နှစ်စဥ် အလှည့်ကျ အထူးကိုယ်စားလှယ်ခန့်တာကို ပြောင်းလဲပြီး အမြဲတမ်းကိုယ်စားလှယ် ထားရှိရေးလည်း စဥ်းစားနေကြောင်း လက်ရှိ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီဇာ လာဇရို (Theresa Lazaro) က ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ Thai PBS ရုပ်သံဌာနရဲ့ Tanloke အစီအစဥ်နဲ့ တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောကြားလိုက် တာဖြစ်ပြီး ၁၁ နိုင်ငံနဲ့ဖွဲ့ထားတဲ့ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက်နဲ့ မူဝါဒတွေကို ချမှတ်တာဖြစ်ကြောင်း၊ မူဝါဒတစ်စုံတစ်ရာ ပြောင်းဖို့ အများက သဘောတူလက်ခံဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြန်သုံးသပ်ဖို့လိုကြောင်းလည်း သူကပြောပါတယ်။

အလားတူ အဖွဲ့အစည်းသဘောထား တစ်ခုထဲဖြစ်စေဖို့ ရှေ့က ဘာဖြစ်ခဲ့သလဲဆိုတာတွေ နားလည်သိကျွမ်းတဲ့ အမြဲတမ်းကိုယ်စားလှယ်ထားရှိရေးလည်း ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သဘောထားရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံကို သူသွားရောက်ခဲ့ပြီး နေပြည်တော်က စစ်ကော်မရှင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ဖိလစ်ပိုင်မှာ မြန်မာ အတိုက်အခံ အဖွဲ့အစည်းတွေကို တွေ့ဆုံခဲ့တာတွေဟာ မလေးရှားနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ကာလက အစပျိုးခဲ့သည့် လုပ်ငန်းစဥ်တွေဖြစ်ကြောင်းလည်း မစ္စလာဇရိုက ပြောပါတယ်။

မစ္စလာဇရိုဟာ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ “မြန်မာနိုင်ငံက ရှေ့ဆက်မရဖြစ်နေတဲ့ အာဆီယံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အကောင်ထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံက အရေးကြီးတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့တယ်” ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။