ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် SANYAN OUTDOOR အထည်ချုပ်စက်ရုံမှာ လုပ်အားလစာ တိုးပေးဖို့ အလုပ်သမား ၇၀၀ ခန့်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းက အဲဒီစက်ရုံမှာရှိတဲ့အလုပ်သမား ၇၀၀ ဝန်းကျင်လောက်ဟာ လုပ်ခလစာ တိုးမြင့်ပေးရေးအတွက် စတင်တောင်းဆိုခဲ့ကြတာဖြစ်ပြီး ၂၄ နေ့မှာလည်း ဒုတိယနေ့အဖြစ် ဆက်လက် တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင်ဘက်က ဖိအား ပေးခြိမ်းခြောက်တဲ့အတွက် အလုပ်သမားတချို့ လုပ်ငန်းခွင်ပြန်ဝင် သွားကြပေမယ့် အလုပ်သမားအများစုကတော့ ဒုတိယမြောက်နေ့အဖြစ် ဆက်လက် တောင်းဆိုနေကြတယ်လို့ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေက RFA ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြောပါတယ်။
တတိယနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ နေ့မှာတော့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးမှာ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်ဘက်က တာဝန်ရှိသူတွေ ညှိနှိုင်းရေးလုပ်ကြမယ်ပြောပါတယ်။
ဒါပေမယ့် စက်ရုံလုပ်ငန်းရှင်ဘက်က အလုပ်သမားတွေရဲ့တောင်းဆိုမှုကို ဖြည့်ဆီးပေးမှာမဟုတ်သလို လုပ်ငန်းခွင့်မဝင်ဘဲ တောင်းဆိုနေတဲ့အလုပ်သမားတွေကို အလုပ်မလုပ်တဲ့နေ့တွေအတွက် လုပ်ခမပေးဘူး (No Work/ No Pay)၊ ဆက်လက်တောင်းတဲ့အလုပ်သမားကို သုံးရက်မြောက်နေ့မှာ လုပ်ငန်းခွင်ကနေ ထုတ်ပြစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီစက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်မတို့ဘေးနားက စက်ရုံအလုပ်သမားတွေဆို ၁၂၀၀၀ လောက်ရတယ်၊ တချို့စက်ရုံတွေဆို ၁၂၀၀၀ ကျော်တယ်။ ကျွန်မတို့စက်ရုံပဲ လုပ်ခလစာ မပြည့်တာ၊ ရတဲ့လစာက အဆောင်စရိတ်၊စားစရိတ် မလောက်ငှလို့ အခုလို လုပ်ခလစာတိုးမြင့်ပေးဖို့ တောင်းဆိုနေရတာပါ၊ လုပ်ငန်းရှင်ဘက်က တစ်ရာကျပ်ပဲ တိုးပေးမယ် ပြောတယ်။ မေလကြမှ ငါးရာကျပ်တိုးပေမယ်ပြောတယ်။ အဲဒါကို ကျွန်မတို့အလုပ်သမားတွေက လက်မခံနိုင်ဘူး”
အလုပ်သမားအခွင့်အရေးတောင်းဆိုနေတဲ့အချိန်မှာ လုပ်ငန်းရှင်တွေက စက်ရုံကိုပိတ်လို့မရသလို အလုပ်သမားတွေကို အလုပ်ထုတ်လို့မရဘူးလို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါ်မျိုးမျိုးအေး က RFA ကို ပြောပါတယ်။
“တောင်းဆိုနေစဉ်ကာလအတွင်းမှာ ဘယ်လိုအလုပ်ရှင်ကမှ စက်ရုံပိတ်လို့မရသလို အလုပ်သမားကို အလုပ်ထုတ်ပြစ်လို့မရဘူး။ ဒါကိုသိရမယ်၊ ဒါကို ဦးစီးတွေက သိသိနဲ့မသိချင်ယောင်ဆောင်ပြီး သိလို့တားတာပဲဖြစ်ဖြစ် ဒါမျိုးတွေဖြစ်လာလို့ရှိရင် ကျွန်မတို့က ဥပဒေအရ ဒီပုဒ်မရှိတယ်။ ဒီလိုလုပ်လို့မရဘူး ဆိုတာကို ဥပဒေနဲ့အညီ အလုပ်သမားတွေဘက်ကနေရပ်တည်ပြီး ပြောသွားမှာဖြစ်တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ SANYAN OUTDOOR အထည်ချုပ်စက်ရုံလုပ်ငန်းရှင်နဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အလုပ်သမားတွေက တရက်လုပ်ခ ၁၂၅၀၀ ( သောင်းနှစ်ထောင်ငါးရာ) ကျပ်၊ အချိန်ပိုကြေး ၂၅၀၀ (နှစ်ထောင့်ငါးရာ) ကျပ်၊ ရက်မှန်ကြေး ခြောက်သောင်းကျပ်ရဖို့နဲ့ ၁၅ ရက်တစ်ကြိမ် လုပ်ခရှင်းပေးဖို့၊ အထည်ကြေးတွေတိုးမြင့်သတ်မှတ်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။
SANYAN OUTDOOR အထည်ချုပ်စက်ရုံဟာ ၂၀၂၅ ခုနှစ်၊ မေလကမှ ဖွင့်လှစ်ထားတာဖြစ်ပြီး Sinsay၊ SNSY OUT WERE၊ SINSAY MENS စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့အထည်ချုပ် စက်ရုံဖြစ်ပါတယ်။
