“မြို့ကြီးတွေမှာ ပြည်ပထုတ်ဆေးဝါးနဲ့ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်နေ”

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လိုမြို့ကြီးတွေမှာ ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေဝယ်မရဘဲ ရှားပါးပြတ်နေပါတယ်။

ပြည်တွင်းစျေးကွက်မှာ ပြည်ပထုတ်ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေတယ်လို့ အများပြည်သူတွေပြောဆိုနေကြပါတယ်။ ဒီလိုဖြစ်နေတာဟာ စစ်ကော်မရှင်က ဇန်နဝါရီလဆန်းပိုင်းကစလို့ ပြည်ပသွင်းကုန်တွေ တင်းကြပ်ထားတာကြောင့် ကုန်သည်တွေက RFA ကို ပြောပါတယ်။

လူအများစုမှီခိုနေရတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အာရုံကြောဆေးတွေ စျေးကွက်ထဲမှာဝယ်လို့မရတာ၊ အဆမတန်စျေးတက်လာတာ၊ မူရင်းဆေးအမျိုးအစားမရလို့ အရေးအသွေးနိမ့်တဲ့အလားတူဆေးတွေကိုပဲ သောက်နေတာတွေနဲ့ ကြုံနေရတယ်လို့ဆိုပါတယ်။

အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက် တချို့ဆေးတွေလည်း ဝယ်မရတဲ့အထိ ပြတ်လတ်နေတယ်လို့ မန္တလေးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဆေးဝယ်တဲ့နေရာမှာ ကလေးအတွက်ဝယ်တဲ့ဆေးတွေလည်းရှားတယ်။ ဝယ်ရတာတွေ တော်တော်ခက်ခဲ တယ်။ လိမ်းဆေးတောင်ဝယ်ရတာတော်တော်ခက်ခဲတယ် ကလေးအတွက်လေ။ ကလေးမီးဖွားပြီးတော့ မိခင်သောက်ရမဲ့ဆေးပေါ့။ အခုထက်ထိဝယ်မရဘူး”

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင်သက်တမ်းတစ်ခုကို ၆ လ သတ်မှတ်လိုက်ပြီး၊ ကုမ္ပဏီ တစ်ခုကို ကုန်ပစ္စည်းအမျိုးအစားတူညီရင် လိုင်စင်တစ်စောင်ပဲထုတ်ပေးမယ်လို့ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာကန့်သတ်လိုက်တာပါ။

အဲဒီအပြင် တရားမဝင်ကုန်သွယ်တာတိုက်ဖျက်ဖို့ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ကတဆင့် ပြည်တွင်းကိုဝင်လာတဲ့ ပစ္စည်းတွေကို စစ်တပ်ဂိတ်တွေက ဖမ်းဆီးသိမ်းယူတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ဂိတ်တွေကို ငွေကြေးအမြောက်အများပေးပြီး ဖြတ်သန်းရတာကြောင့် ပစ္စည်းစျေးတက် လာတာလို့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆေးပုံတစ်ပုံးကို သယ်မယ်ဆိုရင် လမ်းကြောင်းပေါ်မှာ သိန်း ၄၀၊ ၄၅ သိန်း အဲဒီလိုမျိုး တောင်းတယ်ပေါ့နော်။ ဒါကတော့ တရားမဝင်ပေါ့ ဂိတ်ကြေးတွေပေးတဲ့နေရာမှာလည်း အဆမတန်ပေးရတယ်ဆိုတဲ့ဟာတွေလည်း ကိုယ်တိုင်မျက်မြင်လည်းတွေ့ခဲ့ရပြီးပြီ။ အဲဒီတော့ စျေးနှုန်းတွေကအဆမတန်တက်လာတယ်”

ဆေးဝါးအပြင် ထိုင်းနိုင်ငံကတင်သွင်းတဲ့ ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ကော်ဖီမှုန့်၊ အစွန်းချွတ်ဆေး၊ အချိုရည် မျိုးစုံ၊ ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေး၊ အလှကုန်မျိုးစုံနဲ့ အိမ်မွေးတိရစ္ဆာန်အစာလိုမျိုး ပစ္စည်းတွေပြတ်လတ် နေတယ်လို့ ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးပြောပါတယ်။

“ယိုးဒယားပစ္စည်းပြတ်တော့ ဘာတစ်ကျော့ပြန်လာလည်းဆိုတော့ ပြည်တွင်းကပစ္စည်းတွေပါ ပြတ်သွားရော၊ ပြည်တွင်းမှာ အလုံအလောက်မထုတ်နိုင်ဘူး မထုတ်နိုင်တော့ အဲဒါလည်းပြတ်။ ကော်ဖီမစ်က အခုပြန်ရပြီ။ ပြီးခဲ့တဲ့ သုံးလေးလောက်က လုံး၀ပြတ်ကျသွားတာ ခွဲတမ်းနဲ့တောင်မရဘူး အဲဒီပစ္စည်းတွေကလေ”

ကုန်စျေးနှုန်းတွေကြီးလာတာကြောင့် ပြည်သူတွေဘ၀ ပိုကြပ်တည်းလာတယ်လို့ မန္တလေးမြို့ခံအိမ်ရှင်မတစ်ဦး က RFA ကို ပြောပါတယ်။

“ပြတ်တာပေါ့ တချို့ဆိုလည်း အကုန်မရှိတာတွေက များနေတာ။ ဝယ်နေကျဆိုရင် သုံးဒါဇင်ပေးမဲ့ဟာတောင် နှစ်ဒါဇင်ပဲပေးတာ ကော်ဖီမစ်တောင် အဲဒီလိုတန်းစီဝယ်ရတာ။ ဂိတ်ပေါက်တွေ ပိတ်တာများလို့ပေါ့ နောက်ဆိုရင် ပိတ်မှာတွေရော ဘာတွေရော ပြောနေကြတာ။ ကြပ်တည်းလာတာ လူတွေတော်တော်များများက ညည်းတာပေါ့”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

လက်ရှိမှာ စစ်ကော်မရှင်က ပင်လယ်ရေကြောင်းကနေပဲကုန်ပစ္စည်းတင်သွင်းခွင့်ပြုထားပြီး လေကြောင်းနဲ့ကုန်းကြောင်းတင်သွင်းခွင့်တွေမှာ ကန့်သတ်ထားတယ်လို့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လကလည်း လူသုံးကုန် ၊ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်းစတဲ့ ကုန်ပစ္စည်း ၃၅ မျိုးကို စစ်ကော်မရှင်က ပြည်ပကတင်သွင်းခွင့်ပိတ်ပင်ခဲ့ပါတယ်။