မင်းတုန်းမှာ စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၅ ဦးသေဆုံး

ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ ဗုံး ၁၀ လုံး ကြဲချခဲ့တာကြောင့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့။

မကွေးတိုင်း သရက်ခရိုင်ထဲက မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီး မတ်လ ၁ ရက်နေ့က မကွေးအခြေစိုက် စစ်ကော်မရှင်လေတပ်က ဗုံးကျဲတိုက်ခိုက်တဲ့အတွက် လူ ၂၅ ဦးသေဆုံးခဲ့ရတယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဗဟိန်းက RFA ကိုပြောပါတယ်။

မကွေးလေတပ် ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ ပေါင် ၃၀၀ ဗုံး ၁၀ လုံး ကြဲချခဲ့တဲ့အပြင် ဒုံးကျည်တွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း အရပ်သား ၂၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော် ရှိတယ်လို့ ကိုဗဟိန်းက RFA ကိုပြောပါတယ်။

“တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်တွေကို စစ်မြေပြင်လိုကို သဘောထားပြီး အငြိုးကြီးကြီးနဲ့ကို ဗုံးကြဲ တိုက်ခိုက် သွားတာပါ၊ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ဆေးကုသခွင့်ရဖို့ကလည်း ခက်ခဲနေပါတယ်”

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကုန်ပစ္စည်း အပြည့်ပါတဲ့ ခြောက်ဘီးကား ၁၀ စီးခန့်နဲ့ ကျပ်သိန်း နှစ်သောင်း တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ မီးလောင်ပျက်စီး ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နေ့ကလည်း မင်းတုန်းမြို့နယ်မှာ စစ်ကော်ရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်ပေါင်း ၂၀၀ ကျော်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။