မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို EU ရှုံ့ချ

ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတာရပ်ဖို့ ၆၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာပြော။

ရိုဟင်ဂျာမူဆလင်တွေအပါအဝင် မြန်မာနိုင်ငံက အရပ်သားတွေကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်နေတာ တွေကို ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့ ရှုံ့ချကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းအပြီး ဥပဒေမဲ့ ဖမ်းဆီး အကျဥ်းချထားသူအားလုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ EU ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြောကြားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ၆၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနယ်စုများဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီအရင်ခံတင်ပြချက်အပြီး EU ကိုယ်စားလှယ်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

EU အနေနဲ့ ဒီမိုကရေစီနည်းမကျဘဲ စစ်တပ်ကို ဥပဒေဘောင်ဝင်အောင် ပြုလုပ်တဲ့ လွတ်လပ်ခြင်းမရှိ၊ တရားမျှတမှုမရှိတဲ့ ဘယ်ရွေးကောက်ပွဲမဆို အသိမှတ်မပြုဘူးလို့ မကြာခင်က ကျင်းပခဲ့တဲ့ စစ်ကော်မရှင် ရွေးကောက်ပွဲကို မှတ်ချက်ပေးခဲ့ပြီး၊ ဒီမိုကရေစီနည်းကျကျ အားလုံးပါဝင် ခွင့်ရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးဆောင်ရွက်ချက်မျိုး အမြန်အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေကို အသိမှတ်ပြုကြောင်းလည်း EU ကိုယ်စားလှယ်အဖွဲ့ က အစည်းအဝေးပြီး ထုတ်ပြန်ချက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။