အာဆီယံဒေသတွင်းငြိမ်းချမ်းရေးနဲ့မြန်မာ့အရေး အလေးအနက်ထားကြောင်း ထိုင်းပြော

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ အာဆီယံ အဖွဲ့ကြီး ဝင်ပါနိုင်တဲ့ အခန်းကဏ္ဍကို ဆွေးနွေးဟုဆို။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာအပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆောင်ရွက်နေပြီး ဖိလစ်ပိုင် တပ်မတော်က အလှည့်ကျ တာဝန်ယူထားတဲ့ အာဆီယံ ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့ ASEAN Observer Team (AOT) ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ် (Sihasak Phuangketkeow) က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇရို (Theresa Lazaro) နဲ့ တယ်လီဖုန်းကနေ ဆက်သွယ် ပြောကြားရာမှာ အခုလို ပြောကြား ခဲ့တာလို့ မတ်လ ၁ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။

ဒီလိုပြောကြားရာမှာ မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖူးခက်မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ထိုင်းက အဆိုပြုထားတဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံ ဆက်ဆံရေး ပြင်ဆင် ပြောင်းလဲဖို့အဆိုကိုလည်း ပြန်သုံး သပ်ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ အာဆီယံအဖွဲ့ကြီးဝင်ပါနိုင်တဲ့ အခန်းကဏ္ဍကို ပြောကြားခဲ့သလို အာဆီယံနဲ့မြန်မာအကြား ဆက်ဆံရေးပေါင်းကူးတံတားအဖြစ် ဆောင်ရွက် သွားဖို့ အသင့်ရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် တပ်မတော်ဟာ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို လေ့လာကြီးကြပ် စောင့်ကြည့်တဲ့ အာဆီယံ ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့ AOT ကို မလေးရှားနိုင်ငံတပ်မတော်ဆီက အခုနှစ် ဇန်နဝါရီမှာ လွှဲပြောင်းတာဝန်ယူထားပါတယ်။