“စုဖွဲ့မှုမကျိုးပဲ့စေဖို့ အရေးကြီးကြောင်း ဒေါက်တာမျိုးညွန့်ပန်ကြား”

စစ်ကော်မရှင်ရဲ့ မတ်လ ၂ ရက်လွတ်ငြိမ်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ (ယခင်) ဒေါက်တာမျိုးညွန့်နှင့်မေးမြန်းချက်

မေး - စစ်ကော်မရှင်ရဲ့ ခံဝန်ကတိနဲ့လွှတ်ပေးတဲ့လွတ်ငြိမ်းသက်သာခွင့်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - “အဓိကကတော့ နိုင်ငံကပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ပြန်လွတ်လာမှ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ဆုံးဖြတ်ပါမယ်။ ဒီလိုမဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာတစ်စုံတစ်ခုတွေ့နေရတဲ့ အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲလုပ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်”

မေး - လက်ရှိအခြေအနေကို ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ - “တိုင်းပြည်အကျိုးကို အမြဲဦးစားပေးပြီးတော့ ဆုံးဖြတ်စေချင်ပါတယ်။ တစ်စုတစ်ဖွဲ့တည်းရဲ့အကျိုးထက် တိုင်းပြည်ရဲ့အကျိုးကို ဦးစားပေးအနစ်နာခံပြီးဆုံးဖြတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို မဖြစ်မနေအမြန်ဆုံးပြန်လွှတ်မယ်။ နိုင်ငံရေးအရဆွေးနွေးတိုင်ပင်တာတွေလုပ်မယ်၊ အခုတိုင်းပြည်က ကြုံတွေ့နေရတဲ့အကြပ်အတည်းက နိုင်ငံရေးအရဘယ်လိုထွက်ပေါက်ရှာမယ်ဆိုတာကို အမြန်ဆုံးလုပ်သင့်ပါတယ်”

မေး - ဒီမိုကရေစီဘက်တော်သားတွေကို ဘာတိုက်တွန်းချင်ပါသလဲ။

ဖြေ - “လွတ်မြောက်လာတဲ့လူတွေအားလုံးအတွက်လည်း ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘဘဦးဝင်းတင်ပြောခဲ့သလိုပဲ စုဖွဲ့မှုမကျိုးပဲ့စေဖို့ အရေးကြီးပါတယ် အချင်းချင်းညီညီညွတ်ညွတ်နဲ့ ဆက်လက်ပြီး ရပ်တည်သွားနိုင်ကြပါစေလို့ ဆုတောင်းပါတယ်”