စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ လိပ္ပုတ်ကျေးရွာမှာ မတ်လ ၁ ရက်နေ့က စစ်ကော်မရှင်တပ်က လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ ရွာသူ၊ ရွာသားတွေ ကြိုတင်တိမ်းရှောင်နေကြပေမယ့် ကျေးရွာထဲပြန်ဝင်တဲ့ အချိန် ဗုံးကြဲတာနဲ့ ကြုံပြီး အခုလို သေဆုံးရတာလို့ ဒေသခံတွေကို ကိုးကားပြီး သတင်းနဲ့မီဒီယာကွန်ယက် သတင်းဌာနက သတင်းရေးသားဖော်ပြပါတယ်။ ဒီရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အိပ်နေချိန် ရွာလယ်အိုးတွေပေါ် ဗုံးကြဲချတာလို့ ရွာခံတွေကပြောပါတယ်။
တံတားဦးလေတပ်စခန်းကလာတဲ့ ဂျက်တိုက်လေယာဥ် နှစ်စင်းဟာ မတ်လ ၁ ရက်နေ့ ည ၁၁ နာရီ နဲ့ ၁၂ နာရီအကြားမှာ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးနဲ့ အိမ်မွေးတိရစ္ဆာန်တွေလည်း ပျက်စီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် တောင်ခြမ်းမှာရှိတဲ့ လိပ္ပုတ်ရွာမှာ အိမ်ခြေ (၁၀၀) ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။
