မတ်လ ၇ ရက်နေ့ကစပြီး မြန်မာနိုင်ငံအတွင်း လောင်စာစီ ခြိုးခြံချွေတာဖို့ လစဥ် စုံရက်တွေမှာ စုံနံပါတ် အက္ခရာပါတဲ့ ယာဥ်တွေသာမောင်းရမှာဖြစ်ပြီး မရက်တွေမှာ မနံပါတ်အက္ခရာပါတဲ့ ယာဥ်တွေသာ မောင်း ရမယ်လို့ စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)က မတ်လ ၃ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီကန့်သတ်ချက်မှာ အများသုံးယာဥ်တွေ၊ အငှါးယာဥ်တွေ စတဲ့ ယာဥ်တွေ မဝါဝင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စက်သုံးဆီ ဝယ်ယူတာ၊ သိုလှောင်တာနဲ့ စျေးမြှင့်ရောင်းတာတွေ မလုပ်ဖို့ လုပ်ခဲ့ရင် ဥပဒေအရ အရေးယူ မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အရှေ့အလယ်ပိုင်း ရေနံအများဆုံးထွက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံနဲ့ အမေရိကန်-အစ္စရေးတို့အကြား ဖြစ်နေတဲ့ စစ်ပွဲကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေး ခက်ခဲလာတဲ့အတွက် ဒီအမိန့်ထုတ်ပြန်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာလုံ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်နိုင်ငံလုံး အတွက် စက်သုံးဆီ ရက် ၄၀ စာရှိပြီး ပူပန်စရာမလိုကြောင်း၊ လက်ရှိဆိပ်ကမ်းမှာ ရောက်ရှိနေသည့် စက်သုံးဆီ သင်္ဘော နှစ်စီးရှိပြီး ဝယ်ယူပြီး လမ်းမှာရောက်နေတဲ့ စက်သုံးဆီ သင်္ဘော ၁၄ စီးရှိတယ်လို့ ရုပ်သံကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်ဟာ လေယာဥ်သုံးဆီနဲ့ တခြားလောင်စာဆီတွေကို နိုင်ငံတကာ ပိတ်ဆို့မှုနဲ့ ကန့်သတ်ချက် ဥပဒေ ချိုးဖောက်ပြီး အီရန်နိုင်ငံနေ တရားမဝင် ဝယ်ယူနေ တယ်လို့ ရိုက်တာသတင်းက ဇန်နဝါရီလက ရေးသားဖော်ထုတ်ထားပါတယ်။
