စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်ကြာတဲ့အထိ မြန်မာနိုင်ငံက ပဋိပက္ခဟာ အဆုံးသတ်မယ့် လက္ခဏာ မရှိကြောင်း၊ စစ်အာဏာပိုင်တွေရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်အုပ်ချုပ်နေတာ အဆုံးသတ်နိုင်ရေးနဲ့ ဒီမိုကရေစီနဲ့ တည်တံ့ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးပေါ်ဖိအားပေးဆောင်ရွက်မှုတွေ လိုအပ်နေပါ တယ်လို့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အီဇာဘရန်းစ်ခါရစ် (Ilze Brands Kehris) က ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျင်းပတဲ့ ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံမှာ အမျိူးသမီး ၁၆၅၀ ကျော်နဲ့ ကလေးသူငယ် ၁၀၀၀ ကျော်အပါအဝင် အရပ်သား ၇၇၀၀ ကျော် အသတ်ဖြတ်ခံခဲ့ရကြောင်း၊ စစ်အာဏာသိမ်းဆန့်ကျင်သူ ၃၀၀၀၀ ကျော် ဖမ်းဆီး အကျဥ်းချ ခံခဲ့ရပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ၂၃၀၀၀ ကျော် ဆက်လက် အကျဥ်းချခံထားရဆဲ ဖြစ်ကြောင်းလည်း မစ္စခါရစ်က ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ အရပ်သား ၉၈၂ ဦး အသတ်ခံရပြီး အရင်တစ်နှစ်ကထက်စာရင် ၅၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ဒီအထဲ ကလေးသူငယ် ၂၈၇ ဦးသေဆုံးခဲ့ရပြီး စစ်အာဏာသိမ်းအပြီး ကလေးအများဆုံးသေရတဲ့ နှစ်ဖြစ်ကြောင်းလည်း လူ့အခွင့်အရေးကောင်စီကြားနာပွဲအတွင်း မှတ်ချက်မှာ ပြောကြားထားပါတယ်။
