ခေတ်အဆက်ဆက် ရောင်းသူဝယ်သူ မျက်နှာချင်းဆိုင် အရောင်းအဝယ်လုပ်ရတဲ့ မန္တလေး ကျောက်စိမ်း လုပ်ငန်းဟာ အခုအခါမှာ တရုတ်လူမှုကွန်ယက်တွေကို သုံးပြီး အွန်လိုင်းကနေ တိုက်ရိုက်ရောင်းချတဲ့ အခြေအနေကို ရောက်လာပါတယ်။ တရုတ်ပြည်က ဝယ်သူတွေကို အဓိက အားထားရတဲ့ ကျောက်စိမ်း စျေးကွက်ဟာ လူမှုကွန်ယက် စျေးကွက်သစ်ကြောင့် ပြည်တွင်းကျောက်သမားတွေ စျေးနှုန်းနဲ့ အကျိုးအမြတ်မှာ နစ်နာမှုတွေ ပိုကြုံလာရတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
-
မန္တလေးမြို့က နာမည်ကြီး မဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်စိမ်းကို ပွဲစား၊ ဝယ်လက် အချိန်းအချက်နဲ့ လူတွေ့ ကြည့်ရှု ဝယ်ရောင်းကြတဲ့အဆင့်ကနေ အခုအခါမှာ တရုတ် လူမှုကွန်ရက်တွေကို သုံးပြီး အရောင်းအဝယ်လုပ်လာကြတယ်လို့ ကျောက်စိမ်းလုပ်ငန်းလုပ်နေသူတွေက RFA ကို ပြောပါတယ်။
ဒီနှစ်ပိုင်းတွေမှာ TikTok, WeChat စတဲ့ တရုတ်လူမှုကွန်ယက်တွေကို သုံးပြီး တရုတ်ပြည်က ဝယ်လက်တွေကို တိုက်ရိုက် Live လွှင့်ပြီး ရောင်းချတာတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။
ဒီလို လူမှုကွန်ရက်သုံး အဝယ်အရောင်းလုပ်လာတာဟာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတစ်ရပ် ဖြစ်ပေမယ့် ရိုးရာ ကျောက်စိမ်းလုပ်ငန်းလုပ်ကြသူတွေအတွက် ဆုံးရှုံးနစ်နာမှုတွေရှိတယ်လို့ ၃၅ နှစ်ကျော် လုပ်ငန်း အတွေ့အကြုံရှိတဲ့ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုနောက်ပိုင်း လူမှုကွန်ရက် (Social Media) နဲ့ လုပ်တဲ့အချိန်မှာတော့ ကျွန်တော်တို့ ကျောက်သမားတွေ အတွက်ကတော့ တကယ်တမ်း နစ်နာတယ်လို့ ပြောရမှာပေါ့။ အရင်လို မကောင်းတော့တာပေါ့။ အဲဒါကြောင့် လည်း ဈေးကွက်တွေပျက်၊ လိမ်လည်မှုတွေလည်း များကုန်တာပေါ့။ ကျောက်ကို ဖုန်းနဲ့ ကြည့်ကြတယ်ဗျာ။ သူတို့က ဖုန်းနဲ့ ဟိုဘက်ကို လှမ်းရောင်းတယ်ပေါ့။ ဒီအပေါ်မှာ ကြည့်နေတဲ့သူတွေ အကုန်လုံးလည်း မြင်ဖူးပြီး သား ဖြစ်သွားတာပေါ့နော်။ အရောင်းအဝယ် အခု လက်တွေ့လုပ်နေတဲ့ဟာကျတော့ ကိုယ်တစ်ယောက်ပြရင် တစ်ယောက်ပဲ မြင်ရတာကို။ အခု Social Media ကျ အကုန်လုံး မြင်နေရတာလေ။ အခု ဘယ်လောက် ပေးနေလဲဆိုတာ သူတို့က အကုန်လုံး ကြည့်လို့ ရတာပေါ့ဗျာ။ အဲဒါအတွက်ကလည်း ကျွန်တော်တို့ ကျောက်မှာက တစ်ခုမကောင်းတာပေါ့နော် ဈေးကွက်တစ်ခု ဖြတ်ပြီးသားလို ဖြစ်သွားတာပေါ့။”
အစဥ်အလာအရ လာဝယ်တဲ့ တရုတ်ကုန်သည်ကို လူချင်းတွေ့မှ ကျောက်ကို ပြရပြီး ကြိုက်ဈေးရရင် ရောင်းချတဲ့ ကြိုက်ဝယ် ကြိုက်ရောင်း စနစ်ဖြစ်ပါတယ်။ ဒီလို ရောင်းချရာမှာ ဝယ်သူ တစ်ယောက်နဲ့ အရောင်းအဝယ် မဖြစ်လည်း နောက်တစ်ယောက်နဲ့ ဈေးတည့်နိုင်တာကြောင့် လာဝယ်တဲ့ တရုတ်ကုန်သည်ရဲ့ အကြိုက်ပေါ် မူတည်ပြီး ဈေးပိုရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီလို လျှို့ဝှက်စနစ်ကြောင့် ပစ္စည်း စျေးခေါင်း ကျိုးတာ မရှိဘဲ ပစ္စည်းကောင်းရင် ကောင်းသလောက် စျေးလည်း ပိုရတဲ့ အတွက် မြန်မာကုန်သည် တွေအတွက် အကျိုးအမြတ် ပိုရပါတယ်။
အရင်က တရုတ်ဝယ်လက်အချို့က တရုတ်ပြည်မကြီးကနေ မန္တလေးမြို့အထိ လူတွေ့ ဆင်းဝယ်တာတွေရှိသလို အခုနောက်ပိုင်းမှာ လူမှုကွန်ယက် အွန်လိုင်းပေါ်ကလည်း ဝယ်ယူနေကြတာတွေ ရှိလာနေပါတယ်။ ဒါ့အပြင် တရုတ်ပွဲစားတွေက မြန်မာပြည်ကျောက်စိမ်းတွင်းတွေအထိ ဆင်းပြီး ဝယ်ယူကြတာကိုလည်း လူမှုကွန်ယက်တွေမှာ တွေ့မြင်နေရပါတယ်။
လူမှုကွန်ရက်လိုင်းပေါ်ကနေ ရောင်းချတဲ့အခါ တရုတ်ဝယ်လက်က တရုတ်ငွေယွမ် တစ်ထောင်ပေးရင် ကြားက ဝယ်ပေးတဲ့ ပွဲစားက လေးငါးရာအထိ ရအောင် ဈေးဆစ် ဝယ်ယူနေတာမျိုး ရှိနေတယ် ဆိုပါတယ်။
မိရိုးဖလာ ကျောက်စိမ်းရောင်းချနေသူတွေဟာ တရုတ်စကား နားမလည်တာ၊ လူမှုကွန်ရက်နဲ့ နည်းပညာကို ကောင်းကောင်း မကျွမ်းကျင်မှုတွေကြောင့် နစ်နာမှုတွေ ရှိနေတယ်လို့ မန္တလေးမြို့က ကျောက်ပွဲစားတစ်ဦးက RFA ကို ပြောပါတယ်။
“အခု လက်ရှိကတော့ လက်လုပ်လက်စား ကျွန်တော်တို့ ကျောက်သမားလေးတွေက ပိုထိခိုက်တာပေါ့ဗျာ။ အရင်ဆုံး ထိခိုက်ရင် ကျွန်တော်တို့ကစ ထိခိုက်တာပဲ။ သိတဲ့အတိုင်းပဲ ငွေရှိတဲ့သူက သူတို့ အောင်းနိုင်ရင် ကြာကြာအောင်းတဲ့အတွက် အကျိုးအမြတ်လည်း ရှိချင် ရှိသွားတာကို။ ကျောက်ဈေးကွက်ကလည်း မကောင်းဘူးလို့သာ ပြောတာ ကျောက်တစ်တုံးရဲ့ တန်ဖိုးက ကျွန်တော်တို့ နှစ် ၁၅ နှစ်၊ နှစ် ၂၀ ဝန်းကျင်ကဆို သိန်းတစ်ရာလောက်တန်တဲ့ကျောက်က အခုဆိုရင် ခုနစ်ရာ၊ ရှစ်ရာ အဲလိုမျိုးတွေ ဖြစ်သွားပြီလေ။ အဲလို ကျောက်က တန်ကြေးမကျဘူး ဒါပေမဲ့ အရောင်းအဝယ် မကောင်းတာပေါ့ဗျာ။”
၂၀၁၈ နှစ်ကုန်ကဆို တရုတ်လူမှုကွန်ယက် Wechat ကိုအသုံးပြုပြီး အရောင်းအဝယ်လုပ်ကြတဲ့ တရုတ်ပွဲစားတွေ ကြောင့် မြန်မာ ကျောက်စိမ်းသမားတွေ ထိခိုက်နစ်နာတာများလာတဲ့အတွက် WeChat မှာ မြန်မာနိင်ငံမှာ ပိတ်ပင်ပေးပို့အထိ ကျောင်းသမားတွေက အဲဒီတုန်းက NLD အစိုးရကို တောင်းဆိုခဲ့ဖူးပါတယ်။
စစ်အာဏာသိမ်းအပြီး ၂၀၂၁ ဒီဇင်ဘာလမှာတော့ မန္တလေး အောင်မြေသာစံမြို့နယ်မှာ WeChat နဲ့ တရားမဝင် ကျောက်စိမ်း အရောင်းအဝယ် လုပ်နေတဲ့အတွက တရုတ်နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၄၃၀ ကျော်ကို ဖမ်းဆီး အရေးယူခဲ့ဖူးပါတယ်။
လက်ရှိ ကျောက်အရောင်းအဝယ်က အနည်းအပါး ရှိပေမဲ့ ကျောက်ကုန်ကြမ်း ရှားတာကြောင့် ဝယ်ရခက်ခဲပြီး အရင်တုန်းကလို အရောင်း မသွက်တော့သလို ကျောက်အချောထည် ဈေးကွက်ကလည်း မကောင်းဘူးလို့ ပြောပါတယ်။
စစ်အာဏာ မသိမ်းခင်က ကျောက်စိမ်းကို ငွေကြေး သိန်းငါးရာခန့်နဲ့ အရင်းအနှီး လုပ်ရင် သိန်းရာနဲ့ချီ မြတ်ဖို့ လွယ်ပေမဲ့ လက်ရှိမှာ ဒီအရင်းအနှီးနဲ့ ကျောက်ကောင်းကောင်း ရဖို့ မလွယ်သလို အမြတ်အစွန်း ရရှိဖို့လည်း မလွယ်ဘူးလို့ ပြောပါတယ်။
ကျောက်ကုန်သည် အများစုကတော့ လက်ရှိ ကျောက်ဈေးကွက် အခြေအနေအရ ဝယ်ယူစုဆောင်းထားတဲ့ ကျောက်တွေကို ထုတ်မရောင်းတော့ဘဲ စုဆောင်း သိမ်းထားကြတယ်လို့ ဆိုပါတယ်။
မြန်မာ့ကျောက်စိမ်းကို တရုတ်နိုင်ငံက အသက်အရွယ်ကြီးသူတွေက ကြိုက်နှစ်သက်ရာကနေ အခုခေတ်မှာ တော့ တရုတ်လူငယ် (Gen Z) တွေကလည်း လူမှုကွန်ရက်မှာ ကျောက်စိမ်းကို ဖက်ရှင်အနေနဲ့ ဝတ်ဆင်လာကြတဲ့အတွက် မြန်မာ့ကျောက်စိမ်းဈေးကွက်ကလည်း တရုတ်ပြည်ရေစီးကြောင်းပေါ်မှာ မှီခိုရောင်းဝယ်နေရမှာပါပဲလို့ ကျောက်စိမ်း လောကသားတွေက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ ဝယ်ယူလိုက်တဲ့ ကျောက်စိမ်းတွေကို တရုတ်မှာ အချောထည် ပြန်လုပ်တဲ့ ဈေးကွက်က တရားဝင် အတည်အလင်း ရှိပေမဲ့ ဒီမှာတော့ အလုပ်လုပ်ရတာ ပွင့်လင်းမြင်သာမှု သိပ်မရှိဘဲ တိုးတိုးတိတ်တိတ် လုပ်ကိုင်နေရတယ်လို့ ကျောက်သမားတွေက ဆိုကြပါတယ်။
နောက်ပိုင်းမှာ မြန်မာကျပ်ငွေ အစား ကျောက်စိမ်း ရောင်းဝယ်မှုမှာ တရုတ်ယွမ်ငွေနဲ့ ဒီဂျစ်တယ် ငွေပေးချေမှု (AliPay/WeChat Pay) တွေ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်အပေါ် ရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ တရုတ်နိုင်ငံမှာ ပညာသင်ယူခဲ့တဲ့ စင်ကာပူနိုင်ငံ အခြေစိုက် သုတေသီတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီ နယ်စပ်မှာလည်း ဒီလိုမျိုး တိုးတိုးတိတ်တိတ်နဲ့ပဲ ရောင်းရတာ များလာတာကို စစ်ပွဲတွေက ဖြစ်လာတဲ့ အခါကျတော့ အဲဒီတော့ လွယ်လွယ်ကူကူနဲ့ကျတော့ ယွမ်ငွေနဲ့ လဲတာ၊ ယွမ်ငွေနဲ့ပဲ ယူထားကြတာ ပိုပြီးတော့ အဆင်ပြေလာတယ် ပေါ့လေ။ မြန်မာငွေထက်စာရင် ယွမ်ငွေက ပိုပြီးတော့ စိတ်ချရတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေမှာ ကျတော့လည်း မြန်မာငွေထက်စာရင် သူတို့အတွက် ယွမ်ငွေက ပိုပြီးတော့ အဆင်ပြေတယ်။ မြန်မာပြည်က ဘဏ်ကကျတော့ စစ်ကောင်စီက သူတို့နဲ့ အဆင်မပြေရင် ဘဏ်တွေ ပိတ်တာ၊ ဘဏ်စနစ်တွေဖျက်တာ အဲဒါတွေ လုပ်တဲ့အခါကျတော့ နယ်စပ်မှာ ဒီဂျစ်တယ် ငွေပေး ချေမှု (AliPay/WeChat Pay) တွေ တော်တော်လေး အားကောင်းလာတဲ့ အခါကျတော့ ကျွန်တော့် အမြင်အရ ကျောက်စိမ်းနဲ့ ရောင်းဝယ်မှု အထက်ကို ဒီ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ နယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ တရုတ်နိုင်ငံရဲ့ ငွေကြေးစနစ်ကို အားကိုးရတာကိုက ဒီ မြန်မာနိုင်ငံရဲ့ လက်ရှိ ငွေကြေးစနစ်အ ပေါ်မှာ စိန်ခေါ်မှု ဖြစ်လာတယ်လို့ ကျွန်တော် မြင်တယ်။”
အခုကာလမှာတော့ ကျောက်စိမ်းကို တရားဝင် ရောင်းဝယ်တာတွေ နည်းလာသလို စစ်ပွဲတွေနဲ့ နယ်စပ်ဒေသ တွေ မတည်ငြိမ်မှုကြောင့် ယွမ်ငွေကို ပိုအသုံးပြု ရောင်းဝယ်လာတယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ဟာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ကျောက်မျက်ရောင်းချပွဲတွေမှာ ဒေါ်လာနဲ့ ယူရိုငွေကြေးအစား တရုတ်ယွမ်ငွေနဲ့ ရောင်းချ ဝယ်ယူခွင့် ပြုခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်များအရ ကျောက်မျက်ပြပွဲ ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ အကြိမ် ခြောက်ဆယ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲမှာ ယွမ် သန်းငါးရာနီးပါး ရောင်းချခဲ့တာ တွေ့ရပါတယ်။
