ရွေးကောက်ပွဲနဲ့ လွှတ်တော်မခေါ်မီကာလအတွင်း ၄၈ ရက်အတွင်း အရပ်သား ၃၀၀ နီးပါး‌ သေဆုံးခဲ့

အရပ်သား ၂၇၈ ဦးအပြင် AA စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့အတွက် အရပ်သားနဲ့ စစ်သုံ့ပန်း နှစ်ခုပေါင်း ၃၉၄ ဦး အထိ သေဆုံးခဲ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကနေ လွှတ်တော်မခေါ်ခင် တစ်ရက်အလို မတ်လ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄၈ ရက်အတွင်း နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အရပ်သား ၂၇၈ ဦး သေဆုံးခဲ့ပြီး ၂၇၀ ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲမှာ အရပ်သား ၅ ဦးနဲ့ အထက် အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်ရပ် ၁၆ ခုထက်မနည်း ရှိခဲ့ပြီး ကချင်ပြည်နယ် ဗန်းမော်၊ စစ်ကိုင်းတိုင်း အင်းတော်၊ ဟုမ္မလင်း၊ ပင်လည်ဘူး၊ တန့်ဆည်၊ မြင်းမူ၊ မကွေးတိုင်း ဆော၊ ပေါက်၊ မင်းတုန်း၊ ပဲခူးတိုင်း ညောင်လေးပင်၊ တနင်္သာရီတိုင်း ပုလော၊ ချင်းပြည်နယ် ထန်တလန်၊ ကယားပြည်နယ် မယ်စဲ့နဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ်တို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အရပ်သား ၂၇၈ ဦးသေဆုံးခဲ့ရတာအပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်က အာရက္ခတပ်တော် (AA) ရဲ့ အကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က မတ်လ ၈ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုမှာလည်း စစ်သုံ့ပန်း အကျဉ်းသား ၁၁၆ ဦး သေဆုံးတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အရပ်သားနဲ့ စစ်သုံ့ပန်း အကျဉ်းသား နှစ်ခုပေါင်း သေဆုံးသူဦးရေ ၃၉၄ ဦး အထိ မြင့်တက်ခဲ့ပါတယ်။

ရွေးကောက်ပွဲအပိုင်း (၁) စတင်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပပြီးစီးတဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ရွေးကောက်ပွဲကာလအတွင်းမှာတော့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၈ ဦးသေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာခဲ့တာပါ။

စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တဲ့ ဒေသအများစုဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAO) နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်ပြီး အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ လေကြောင်းတိုက်ခိုက်ခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်းက ဒေသခံတချို့က RFA ကို ပြောပါတယ်။

စစ်ကော်မရှင်က လတ်တလောမှာ နိုင်ငံရေးနည်းအရ လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တိုးလုပ်လာနိုင်တယ်လို့ စစ်ရေး နိုင်ငံရေး လေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကော်မရှင်အနေနဲ့ လွှတ်တော်ခေါ်မယ် အစိုးရဖွဲ့မယ် ပြီးရင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ ထိုးစစ်တွေကတော့ အရှိန်ထပ်မြှင့်နေဦးမှာပါ။ ဘာလို့လည်းဆိုတော့ သူတို့က ကမ္ဘာကိုပြချင်တာ အရပ်သားအစိုးရတွေ တက်လာတယ် တဖက်မှာလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်နေတယ်ဆိုပြီး တွင်တွင်ကျယ်ကျယ် ပြောချင်တာပေါ့။ ဒါပေမဲ့ သူတို့ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးနည်းက စစ်ရေးအရ ဖိအားပေးပြီးတော့မှ ကျဉ်းကျပ်ထဲရောက်အောင်ဆွဲခေါ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ဆွဲတင်မဲ့သဘောလို့ မြင်တယ်။ Peace Trap လို့ခေါ်တာပေါ့နော် ငြိမ်းချမ်းရေးထောင်ချောက်ထဲကို ဆွဲထည့်မှာပေါ့”

မတ်လ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်က ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ယူပြီး ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌ တွေရွေးချယ်ဖို့ ပြင်ဆင်နေပါတယ်။ မတ်လ ၁၈ ရက်နေ့မှာ အမျိုးသားလွှတ်တော်နဲ့ မတ်လ ၂၀ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေ ထပ်မံခေါ်ယူပြီးနောက် ဧပြီလဆန်းမှာ အစိုးရဖွဲ့မယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၉၉၁ ဦးသေဆုံးခဲ့ပါတယ်။