စစ်တပ်လွှမ်းမိုးတဲ့လွှတ်တော် ကျင်းပ၊ ဦးခင်ရီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာ

စစ်တပ်ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ထောက်ခံပါတီအမတ်များ ကျင်းပသည့် လွှတ်တော်ဖြင့် တပ်ထိန်းကြောင်း အုပ်ချုပ်ရေးစနစ်သစ်ထူထောင်ဖို့ စစ်တပ်ပြင်ဆင်။

ဒီဇင်ဘာနဲ့ဇန်နဝါရီမှာ သုံးပိုင်းခွဲကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲမှာ အနိုင်ရသူ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က နေပြည်တော် ပြည်သူ့လွှတ်တော်ခန်းမမှာ ကျင်းပခဲ့ပြီး ကိုယ်စားလှယ်အများစုအနိုင်ရခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးခြယ်တင်မြောက်ခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့အပြီး ငါးနှစ်အကြာမှာ ပထမဆုံးကျင်းပတဲ့ ဒီလွှတ်တော် အစည်းအဝေးဟာ စစ်တပ်ဦးဆောင်တဲ့ မည်ကာမတ္တ ဒီမိုကရေစီစနစ် အကူးအပြောင်းအတွက် နောက်ဆုံး ကျန်နေတဲ့ အဆင့်တစ်ဆင့်ဖြစ်ပြီး လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ ကျင်းပခဲ့တယ်လို့ နေပြည်တော်က လာတဲ့ ရိုက်တာစ်သတင်းမှာ ရေးသားထားပါတယ်။

အခုလို သတင်းတွေ ထွက်နေတဲ့အတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနဲ့ အငြိမ်းစား ဗိုလ်မှူးချုပ်ခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာဟာ စစ်တပ်ရဲ့ အနာဂတ် နိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှာ ဦးဆောင်ကဏ္ဍမှာ ဆက်လက် အာဏာဆုတ်ကိုင်ထားရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် လေ့လာသူအများက မှတ်ယူထားပါတယ်။

၂၀၂၀ ပြည့်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလက စပြီး မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီးတောင်လောင်ခဲ့ရပြီး လောလောဆယ်မှာ နိုင်ငံသား သန်းနဲ့ချီပြီး လူသားချင်းစာနာမှုအကူအညီတွေ လုပ်အပ်နေတဲ့ နိုင်ငံဖြစ်နေပါတယ်။

စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို စစ်အာဏာမြဲအောင်နဲ့ စစ်အာဏာသိမ်းတာကို တရားဝင်ဖြစ်အောင် လုပ်ဆောင်တဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံအများစုက ဝေဖန်ရှုံ့ချထားကြပါတယ်။

လွှတ်တော်မှာ စစ်တပ်သြဇာခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအများစုရထားသလို ပါတီထိပ်တန်းခေါင်းဆောင် အများစုဟာ တပ်ကနေ လောလောလတ်လတ် အငြိမ်းစားယူလာကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်တဲ့အတွက် အခုကျင်းပတဲ့ လွှတ်တော်အစည်းအဝေးဟာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရည်မှန်းထားသလို သူ့ကိုပဲ သမ္မတရာထူးရယူနိုင်ဖို့ လုပ်ဆောင်ချက်အနေနဲ့ အများက မျှော်လင့်ထားကြပါတယ်။