ရွှေတောင်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင် စစ်‌ဆေးနေစဥ် အမျိုးသားတစ်ဦး သေဆုံး

မတ် ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး ရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေစဥ် နှစ်ရက်အကြာ အစာအိမ် သွေးကြောပေါက်ပြီး သေဆုံးသွားဟု မိသားစုကို အကြောင်းကြားခဲ့။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ စစ်ကော်မရှင်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြီး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဖမ်းဆီးထားစဥ် ရိုက်နှက် နှိပ်စက် ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေကို ကိုးကားပြီး ဒို့ပြည်သတင်းဌာနက မတ်လ ၁၅ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

မတ်လ ၁၂ ရက်နေ့ည ၉ နာရီခန့်က ရွှေတာင်မြို့၊ ကျောင်းကြီးကွက်သစ်ရပ်ကွက် မှာနေထိုင်တဲ့ ကိုအောင်ကြီးကို စစ်ကော်မရှင်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က မေးမြန်းစရာရှိတယ် ပြောဆို ဖမ်းဆီးသွားပြီး ရဲစခန်းမှာ ချုပ်နှောင် စစ်ဆေးနေစဥ် မတ်လ ၁၄ ရက် မနက်ပိုင်းမှာ အစာအိမ်သွေးကြောပေါက်လို့ သေဆုံးသွားပြီဆိုပြီး မိသားစုကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်ကြီးဟာ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး အရင်က ပါတီနိုင်ငံရေးနဲ့ ပတ်သက်ခဲ့ဖူးပေမယ့် အခုအခါ ဘယ်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်း မပတ်သက်သလို ဖမ်းဆီးစဥ်ကလည်း ဘာရောဂါမှ မရှိခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလ က ထုတ်ပြန်တဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW ရဲ့ အစီအရင် ခံစာအရ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းအပြီး ၅ နှစ်တာ ကာလအတွင်း စစ်အာဏာပိုင်တွေက ဖမ်းဆီးထားစဥ် သေဆုံးရသူ အရေအတွက်ဟာ ၂၂၀၀‌ ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။