စစ်ကော်မရှင် ကာလုံအရာရှိချုပ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးခြယ်တင်‌မြောက်ခံရ

စစ်အာဏာသိမ်းစဥ် စစ်ကောင်စီအတွင်းရေးမှူးတာဝန်ယူခဲ့ပြီး ၂၀၂၅ မှာ ကာလုံ အမှုဆောင် အရာရှိချုပ်အဖြစ် စစ်ခေါင်းဆောင်က တာဝန်ပေးအပ်ခံရသူဖြစ်။

စစ်ကော်မရှင်ရဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ အရွေးခြယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးကို နေပြည်တော်မှာ မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့ပြီး အမျိုးလွှတ်တော်ဥက္ကဋ္ဌအဖြစ် လက်ရှိ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးကို ပြိုင်ဘက်မရှိ ရွေးခြယ် တင်မြောက်လိုက်ပါတယ်။

ဦးအောင်လင်းဒွေးဟာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းစဥ်က စစ်ကောင်စီအတွင်းရေးမှူးတာဝန်ယူခဲ့ပြီး ၂၀၂၅ မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ အမှုဆောင်အရာရှိချုပ်အဖြစ် စစ်ခေါင်းဆောင်က တာဝန်ပေးအပ်ခံရသူဖြစ်ပါတယ်။

၂၀၂၅ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မန္တ​လေးတိုင်း​ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် အမှတ် ၃ ကနေ ရွေးကောက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တပ်တွင်း အနီးကပ်ဆုံးနဲ့ ယုံကြည် စိတ်အချရဆုံး လူယုံတစ်ဦးဖြစ်သူ ဦးအောင်လင်း‌ဒွေးကို အခုလို လွှတ်တော်မှာ အဓိကကျတဲ့ ရာထူးနှစ်ခုထဲက တစ်ခုကို ပေးအပ်လိုက်တာဟာ စစ်ကော်မရှင်အာဏာလွှဲရမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရသစ်ဖွဲ့ရေးနဲ့ ဥပဒေပြုရေးကိစ္စတွေမှာ စစ်ခေါင်းဆောင်အလိုကျ ဆောင်ရွက်နိုင်ဖို့ စီမံထားချက်သာဖြစ်တယ်လို့ လေ့လာသူတွေက ဝေဖန်ထောက်ပြကြပါတယ်။

မတ်လ ၁၆ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြိုင်ဘက်မရှိ ခန့်အပ်ခဲ့တဲ့အတွက် အနာဂတ် နိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှာ စစ်ခေါင်းဆောင်အနေနဲ့ ဆက်လက် အာဏာဆုတ်ကိုင်ထားရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် လေ့လာသူအများက သုံးသပ်ထားကြပါတယ်။