“PDF ငါးရာကျော်ကိစ္စ အစိုးရသစ်တက်ခါနည်းဝါဒဖြန့်ချီချက်ဟု အကဲခတ်များပြော ”

တော်လှန်ရေးအဖွဲ့ဝင်ငါးရာကျော် ပူးပေါင်းလာတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ချက်ဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ အချိန်ကိုက်လုပ်ဆောင်တာလို့ဆို။

စစ်ကော်မရှင်လက်အောက်ကို ခိုဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ငါးရာကျော်ကို မန္တလေးမြို့မှာ မိဘတွေဆီပြန်အပ်လိုက်တယ်လို့ထုတ်ပြတာဟာ နိုင်ငံရေးအရအမြတ်ထုတ်တာဖြစ်သလို၊ တန်ပြန်ဝါဒဖြန့်တာလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ ကာကွယ်ရေးအင်အားစုတွေက ပြောပါတယ်။

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့ အသီးသီးကလူတွေပြန်လာဖို့ စစ်ကော်မရှင်က ဖိတ်ခေါ်ခဲ့တဲ့နောက်ပိုင်း ပြန်လာတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလို ပြန်လာတဲ့သူတွေဟာ မန္တလေး PDF၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တွေဖြစ်ပြီး၊ အမျိုးသား ၄၅၃ ဦး၊ အမျိုးသမီး ၅၃ ဦး၊ စုစုပေါင်း ၅၀၆ ဦးနဲ့ လက်နက် ၇၈ လက်ကိုလက်ခံရရှိတယ်လို့ စစ်ကော်မရှင်ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံရေးအရ အမြတ်ထုတ်တာသက်သက်ပဲဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ် - ၉၃ ( TRI ဗျူဟာ) ရဲ့ နည်းဗျူဟာမှူး ကိုဝေမိုးကျော်က RFA ကိုပြောပါတယ်။

" သူတို့ပြောတဲ့ PDF အစစ်တွေလည်းမဟုတ်ပါဘူး။ အနားယူသွားတဲ့ PDF ကိုက ဆယ်ဂဏန်းပဲရှိပါတယ်။ အဲဒီဟာကိုမှ သူတို့ကအိမ်ကိုလိုက်ဖမ်း၊ တောတွေမှာနေပြီး အနားယူသွားတဲ့သူတွေကို လိုက်ဖမ်းပြီး ပုံမှား ရိုက်တာ။ ပြောချင်တာကတော့ ကျွန်တော်တို့ PDFတွေကို တော်လှန်ရေးမလုပ်အောင်၊ တော်လှန်ပြည်သူတွေကိုကျတော့ မထောက်ပံ့အောင် သူတို့ကနည်းတမျိုးနဲ့ဆွဲဆောင်တာပေါ့ "

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း သိမ်းခဲ့တဲ့ မတ္တရာ၊ စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်း မြို့တွေကို ပြီးခဲ့တဲ့လပိုင်းတွေမှာစစ်တပ်ကပြန်သိမ်းနိုင်ခဲ့ပြီး နောက်ဆုံးကျန်နေတဲ့ တကောင်းမြို့ကိုလည်း ပြီးခဲ့ တဲ့သတင်းပတ်မှာ စစ်ကော်မရှင်ကပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာနဲ့ချီတဲ့တော်လှန်ရေး အဖွဲ့ဝင်တွေ ပြန်ပူးပေါင်းလာတဲ့အကြောင်း စစ်တပ်က ခန်းခန်းနားနားထုတ်ပြလာတာပါ။

ဒါဟာ စစ်တပ်ရဲ့တန်ပြန်ဝါဒဖြန့်ချီချက်ဖြစ်တယ်လို့ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီးဇင်ယော် က RFA ကို ပြောပါတယ်။

" သူတို့က မဝင်ကြဘူးလားဆိုတော့ ဝင်တော့ဝင်ကြပါတယ်။ ငါးယောက်၊ ဆယ်ယောက် ဒီလိုမျိုးတစ်ဖွဲ့တွေ ပေါ့။ အဲဒါတွေကို စုပြီးကာမှ အစိုးရသစ်တက်ခါနီးမှာမှ တစ်ပြိုင်နက်ထဲ ဝင်လာတဲ့ပုံစံမျိုးနဲ့ပုံဖော်တာပေါ့။ အရေအတွက်ဒီလောက်ကတော့ မရှိပါဘူး။ သုံးချိုးတချိုး ပါပဲ။ အများဆုံး ၁၅၀ ဝန်းကျင်လောက်ပါပဲ။ သူတို့က တန်ပြန်ဝါဒဖြန့်တဲ့ပုံစံတဲ့ အနေအထားမျိုးတွေ့ရတယ်"

စစ်ကော်မရှင်ဟာ အခုရက်ပိုင်းမှာ လွှတ်တော်ခေါ်ပြီး သမ္မတရွေးတာ အစိုးရဖွဲ့တာတွေလုပ်တော့မှာပါ။ အဲဒီလုပ်ငန်းစဥ်တွေမတိုင်ခင် အာဏာသိမ်းစစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခဲ့တဲ့သူတွေ အမြင်မှန်ရပြီး ပြန်လာတာဆိုတဲ့အခန်းအနားကျင်းပလာတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် အဆက် ဆက်ရဲ့ လှည့်စားတာတွေကိုပြည်သူတွေသိနားလည်နေပြီဖြစ်လို့ ဘယ်နည်းသုံးသုံး အရာထင်မှာမဟုတ်တော့ဘူးလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက RFA ကို ပြောပါတယ်။

“မင်းအောင်လှိုင်က ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့နဲ့မတူတာက သူ့မှာ ပြည်သူလူထုကို ထပ်လိမ်စရာလမ်းကို မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ကလူတွေက လုပ်သွားတဲ့အခါကျတော့ ကိုယ်ကဘယ်လိုနေနေ ဟိုတုန်း ကအဖြစ်အပျက်တွေပဲ ပြန်ပြန်မြင်နေတယ်။ နောက်တစ်ခုက ဗိုလ်နေဝင်းတို့ ဗိုလ်သန်းရွှေတို့နဲ့မတူတာက ပြည်သူလူထုက စစ်တပ်အပေါ်မှာတော်တော်သံယောဇဉ်ကုန်သွားပြီ။ တော်တော်ပြတ်ပြတ်သားသားဖြစ်သွား ပြီ။ ဒါကြောင့် ဘယ်လိုနည်းသုံးသုံး ဘာမှအရာထင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါရစေ”