ကသာမြို့ မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းဗုံးကြဲခံရ၊ လူ ၈၀ ခန့်သေဆုံး

ကသာမြို့ အမှတ် ၁၀ ရပ်ကွက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး အမှတ် ၃ ရှိ ဘုန်းတော်ကြီးကျောင်းကိုပါ စစ်ကော်မရှင် ဗုံးကြဲခြင်းဟုဆို။

စစ်ကိုင်းတိုင်း ကသာမြို့မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ မဟာလေးထပ် ဘုန်းတော်ကြီး ကျောင်းကို မတ်လ ၂၁ ရက်နေ့က စစ်ကော်မရှင် လေတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တဲ့အတွက် ရဟန်းသံဃာတွေအပါအဝင် လူ ၈၀ ခန့် သေဆုံးခဲ့ပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မဟာလေးထပ်ကျောင်းဟာ ကသာမြို့ အမှတ် ၃ ရပ်ကွက်မှာ တည်ရှိပြီး စစ်ကော်မရှင် တိုက်လေယာဥ်က ကျောင်းပေါ်တည့်တည့် ကြဲချခဲ့တာကြောင့် အခုလို လူအများအပြား သေဆုံးရတာလို့ ဒေသခံတွေကို ကိုးကားပြီး ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။

လူမှုကွန်ရက်ကတစ်ဆင့် RFA က ကြည့်ရှုခွင့်ရတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအရ ဗုံးကြဲခံရအပြီး ကျောင်းဟာ ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သလို သံဃာတော်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားအများအပြား ရုပ်ပျက်ဆင်းပျက် ထိခိုက်သေဆုံးခဲ့ရတာကိုတွေ့ရပါတယ်။

ကသာဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရသူနဲ့ ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကိုင်းတိုင်း ကသာမြို့မှာ ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကော်မရှင်တပ်နဲ့ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အမှတ် ၁၀ ရပ်ကွက်နဲ့ အကျဥ်းထောင်ရှိရာ အမှတ် ၃ ရပ်ကွက်တွေကို အခုလို ဗုံးကြဲခဲ့တာလို့လည်း သိရပါတယ်။