ချောက်မှာ စစ်ကြောင်းထိုး၊ နေအိမ် ရာနဲ့ချီ မီးရှို့ခံရ

စလေ ခမရ ၄၁၆ က အင်အား နှစ်ရာခန့် စစ်ကြောင်းက အိမ်ခြေ ၁၈၀ ခန့်ရှိတဲ့ ချောက်မြို့နယ် ပြရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ဟု ဒေသခံတွေပြော။

မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာတွေကို စစ်မရှင်တပ်က မတ်လ ၂၄ ရက်နေ့အထိ စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ် တစ်ရာထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) ရဲ့ လက်အောက်ခံ စလေအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၄၁၆) စစ်မရှင်တပ် အင်အား နှစ်ရာခန့်ဟာ ကံတောက်ရွာမှာ ညအိပ်ပြီး အိမ်ခြေ ၁၈၀ ခန့်ရှိတဲ့ ပြရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ပြရွာကို ရွာလုံးကျွတ်ရှို့တာဗျ။ တစ်နေကုန်ရှို့တာပေါ့။ စစ်ကြောင်းက ပြန်ထွက်သွားပြီ။ အခုထိုး နေတဲ့ စစ်ကြောင်းက တိုက်ပွဲတော့ မဖြစ်ဘူး။ မိုင်းတိုးမိတာ၊ မိုင်းနင်းမိတာ ရှိတယ်ဗျ။”

စစ်ကြောင်းထိုးခံရတဲ့ ရွာတွေကတော့ လက်ရှိအချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး သလုံးသွေးရွာက နေအိမ် သုံးလုံးနဲ့ ကံတောက်ရွာက နေအိမ် သုံးလုံးလည်း မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေ အားကောင်းတယ်လို့ ယူဆရတဲ့ ချောက်မြို့ကနေ ၁၅ မိုင်ခန့်ဝေးတဲ့ မြို့တောင်ဘက်အခြမ်းက ကျေးရွာပေါင်း ဆယ်ရွာထက်မနည်း စစ်ကြောင်းထိုး မီးရှို့ခံထားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ချောက်မြို့နယ်၊ မကျီးကုန်းရွာက နေအိမ် ၉၇ လုံးကိုလည်း စစ်မရှင်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။