စစ်တပ်အလိုကျရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်အစည်းအဝေးပေါ်လာပေမဲ့၊ လွှတ်တော်စခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကနေ မတ်လ ၂၄ ရက်နေ့အထိ တစ်ပတ်ကျော်အတွင်း စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်သေဆုံးရတဲ့အရပ်သား ၁၀၀ နီးပါးရှိတာကို RFA ကလေ့လာတွေ့ရှိရပါတယ်။
မတ် ၁၆ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပန်းတိမ်ကုန်းရွာနားက စစ်ဘေးဒုက္ခ သည်တွေရှိတဲ့နေရာဗုံးကြဲခံရလို့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပကဖ တာဝန်ရှိသူ တွေရဲ့ပြောကြားချက်ကိုကိုးကားပြီး ဒေသတွင်းသတင်းတွေမှာရေးထားပါတယ်။ အဲဒီနေ့ နေ့လည် ၁ နာရီကျော်မှာတော့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို လေကြောင်းကနေတိုက်ခိုက်လို့ အမျိုးသမီး ၂ ယောက် သေဆုံးပြီး နှစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါသတင်းမှာဖော်ပြထားပါတယ်။
မတ်လ ၁၉ ရက်နေ့မှာတော့ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ကရွာလေးရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့ ခဲ့ပြီး လူ သုံးယောက် ကိုပစ်သတ်ခဲ့တဲ့အတွက် လူ ထောင်နဲ့ချီထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မတ်လ ၂၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကသာမြို့နယ် အမှတ်-၃ ရပ်ကွက်က စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့ မဟာလေးထပ်ဘုန်းကြီးကျောင်းဝင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ရဟန်းသံဃာတွေအပါအဝင် လူ ၈၀ လောက် သေဆုံးခဲ့ပြီး ၃၀ လောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ ဒေသခံက RFA ကိုပြောပါတယ်။
“ကျောင်းတွေပြန်ဖွင့်လိုက်တော့ ဒီဘက်မှာအေးချမ်းနေပြီ စည်ကားနေပါပြီကြေညာလိုက်တော့ အနီးအနားရွာမှာစစ်ဘေးရှောင်နေတဲ့ကလေးတွေကပြန်ဝင်ပြီး ကျောင်းတွေပြန်တက် စာမေးပွဲတွေပြန်ဖြေကြတယ်။ ရပ်ကွက်တွေထဲမှာ နေလို့မရတော့တဲ့အတွက် ဘုန်းကြီးကျောင်းမှာနေပြီး စာမေးပွဲဖြေကြ ကျောင်းတက်ကြတယ်။ သူတို့လေးတွေပါတယ်လို့ကြားတယ်။ တချို့တွေဆို အလောင်းတောင်ကောက်မရဘူးတဲ့။ ကျောင်းထဲမှာပဲ သင်္ဂြိုလ်ကြတယ်လို့ပြောတယ်”
မတ်လ ၂၀ ရက်မှာပဲ စစ်ကိုင်းတိုင်း မြောင်မြို့နယ် သောင်ကြီးရွာနဲ့ နဘက်ရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မွေးကင်းစကလေးငယ် ၁ ယောက်နဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ အသက် ၇၀ အရွယ်အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာတခါ အဲဒီ သောင်ကြီးရွာကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၇ ယောက် သေဆုံးပြီး ၁၀ ယောက်ဒဏ်ရာရခဲ့သလို နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ခြေလျင်တိုက်ခိုက်ရေးမှာအရှုံးပေါ်တဲ့အတွက် လေကြာင်းကိုအားကိုးနေတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုနွေဦးကပြောပါတယ်။
“မြေပြင်စစ်ကြောင်းတွေသွားပြီဆိုရင် ထိခိုက်ကျဆုံးမှုကကျတော့ သူတို့ဘက်ကတအားများတယ်။ များတဲ့အတွက်ကြောင့်မို့လို့ သူတို့ကမသုံးတော့ဘူး။ လေကြောင်းကကျတော့ ဆက်တိုက်သုံးလာတယ်။ အခုနောက် ပိုင်းမှာတော့ ရန်သူဘက်ကသတင်းကို ကိုယ့်ဘက်ကရသလို ကိုယ့်ဘက်က သတင်းကို ရန်သူ့ဘက်က ပိုရသွားတဲ့အနေအထားမျိုးတွေကလည်း သူတို့မှာပိုရှိတယ်”
မတ်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းရွာမှာရှိတဲ့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တဲ့အတွက် လူ ၁ ယောက် သေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် ၃ ယောက်ဒဏ်ရာရ သွားတယ်လို့သိရပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာတာမရှိသလို သက်ဆိုင်ရာပြောခွင့်ရသူတွေကိုလည်း RFA ကဆက်သွယ်လို့မရပါဘူး။
စစ်ကော်မရှင်ဟာ အဆိုးဆုံးစစ်ရာဇဝတ်ချိုးဖောက်မှုတွေကျူးလွန်နေတာလို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူးဦးကျော်ဝင်းက ထောက်ပြပါတယ်။
“ဒါ စစ်ရာဇဝတ်မှုလည်းဖြစ်တယ်။ လူသားမျိုးနွယ်ဆိုင်ရာ ရာဇဝတ်မှုလည်းဖြစ်တယ်။ လူသားတစ်ယောက်အနေနဲ့ အသက်ရှင်သန်ပိုင်ခွင့်ကရှိပြီးသား။ ဒီလုပ်ရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်"
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကော်မရှင်အလိုကျကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ဇန်နဝါရီလ ၂၆ ရက် နေ့ကနေ လွှတ်တော်မခေါ်ခင်တစ်ရက်အလို မတ်လ ၁၅ ရက်နေ့အထိ ၄၈ ရက်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၇၈ ယောက် သေဆုံးပြီး ၂၇၀ လောက်ဒဏ်ရာရခဲ့ပါတယ်။
