မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ဆက်နွယ်သူအားလုံးကို စစ်ကောင်စီက ဒီဂျစ်တယ်စနစ်နဲ့ တစ်ဦးချင်းစစ်ဆေး စောင့်ကြည့်တဲ့ PSMS စနစ်ကို အသုံးပြုပြီး စောင့်ကြည့်မှုတွေ ပိုလုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Person Scrutinization and Monitoring System (PSMS) စနစ်ဟာ နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို Digital စနစ်နဲ့ ချိတ်ဆက်ပြီး စောင့်ကြည့်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ကလွတ်မြောက်လာပေမဲ့ အပြင်လောကမှာ လှုပ်ရှားခွင့် ကန့်သတ်ခံရတာနဲ့ စောင့်ကြည့်ခံနေရတာဟာ ဆက်လက်ဖမ်းဆီးခံထားရသလိုမျိုး စိုးရိမ်စရာ ကောင်းတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
“ဒီစနစ်က ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ ရန်က ကာကွယ်ဖို့ပဲ လုပ်ရမှာပါ။ အခုဟာက နိုင်ငံရေး ခံယူချက် ယုံကြည်ချက် မတူတဲ့သူတွေကိုပဲ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား စောင့်ကြည့်နေတာ စိုးရိမ်စရာပဲ။ အခုလို PSMS စနစ်နဲ့ နိုင်ငံရေးသမားတွေကို စောင့်ကြည့်နေတာဟာ ဖမ်းဆီးထားတာနဲ့ ဘာမှမထူးပါဘူး။”
စစ်ကောင်စီဟာ နည်းပညာကို လက်နက်တစ်ခုလို အသုံးချပြီး စောင့်ကြည့်နေတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့လည်း သူက ဆက်ပြော ပါတယ်။
PSMS စနစ်ထဲမှာ နိုင်ကျဉ်းဟောင်းတွေရဲ့ အချက်အလက်တွေကို ပယ်ဖျက်ပေးခြင်းမရှိဘဲ မှတ်တမ်း တင်ထားတဲ့အတွက် ခရီးသွားလာရာမှာ စစ်ဆေးမေးမြန်းခံရတာ၊ မှတ်ပုံတင်နဲ့ နိုင်ငံကူး လက်မှတ် လျှောက်ထားရာမှာ ပိတ်ဆို့ခံရတာမျိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လုံခြုံရေးအတွက် အထူးသတိ ထားကြဖို့ WOPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၃၀,၇၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲကမှ လက်ရှိအချိန်ထိ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲ အတည်ပြုနိုင်သူ ၁၄,၄၀၂ ဦးနဲ့ အတည်ပြုရန် လိုအပ်ဆဲ ၇,၈၉၃ ဦး ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်းတွေ ပြည်ပထွက်လို့မရအောင်ကန့်သတ်လိုက်တဲ့ ပုဒ်မတွေပါတဲ့ “ နိုင်ငံကူး လက်မှတ်ဥပဒေသစ် ” ကို မတ်လ ၁၇ နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမိန့်နဲ့ ပြဌာန်းခဲ့ပါသေးတယ်။
