စစ်ခေါင်းဆောင်မိသားစု ထိုင်းမှာ အိမ်ရာ တရားမဝင်ဝယ်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

ဗိုလ်ချုပ်မှူးကြီးမိသားစု ထိုင်းနိုင်ငံမှာ ဒီအိမ်ဝယ်ချိန် မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုကရေစီရေး တောင်းဆိုသူနဲ့ စစ်အာဏာသိမ်းဆန့်ကျင်သူတွေကို အကြမ်းဖက် နှိမ်နင်းနေချိန်ဖြစ်ဟုဆို။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုက အာဏာသိမ်းပြီး တစ်နှစ် အကြာမှာ တန်ဖိုးကြီး အိမ်ခြံမြေဝယ်ယူခဲ့တာကို စစ်ဆေးဖော်ထုတ် သိမ်းဆည်းပေးဖို့ လူ့အခွင့်အရေးလှုံရှား နေတဲ့ Justice For Myanmar က ထိုင်းအာဏာပိုင်တွေကို မတ်လ ၂၅ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းမှာ ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူခဲ့တယ်လို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး ဒီအိမ်ဝယ်ချိန်မှာ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအတိုက်အခံတွေကို အကြမ်းဖက် နှိမ်နင်းနေချိန်လည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဝယ်ယူနိုင်ငံခဲ့တာဟာ စစ်ကော်မရှင် အကြီးအကဲတွေ၊ သူတို့ရဲ့မိသားစု‌တွေ၊ စီးပွားရေး ခရိုနီတွေဆီက‌နေ တရားမဝင် ငွေတွေ ထိုင်းနိုင်ငံတွင်း စီးဝင်လာမှုကို တားဆီးဖို့နဲ့ တရားမဝင် အိမ်ခြံမြေဝယ်ယူမှုတွေကို ပိတ်ပင်ဖို့ ထိုင်းအစိုးရက ပျက်ကွက်ခဲ့လို့ပဲ ဖြစ်တယ်လို့လည်း Justice For Myanmar အဖွဲ့က ထောက်ပြထားပါတယ်။