တပ်မတော်နေ့ အခမ်းအနား နောက်ပိုင်းမှာ စစ်တပ် ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲ ဖြစ်မယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြောပါတယ်။
တပ်မတော်နေ့ အခမ်းအနားတက်ရောက်မဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို ကန့်တော့တဲ့ ပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ သမ္မတနဲ့ ဒုတိယသမ္မတွေ ရွေးချယ်ပြီး ထွက်ပေါ်လာမဲ့ အစိုးရကို အာဏာလွှဲပေးမယ်လို့လည်း သူက ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်တပ်က အနားယူပြီး စစ်ကော်မရှင် ရွေးကောက်ပွဲက နေပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့ကနေ တင်သွင်းမဲ့ ဒုတိယ သမ္မတနေရာ၊ အဲဒီကနေတဆင့် သမ္မတ နေရာအထိ ရယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အခုလိုအခြေအနေတွေက အာဏာသိမ်း စစ်ကော်မရှင်ကနေ အသွင်ပြောင်းထားတဲ့ အတုအယောင် လွှတ်တော်နဲ့ အတုအယောင် အစိုးရတို့ပဲ ထွက်ပေါ်လာမှာဖြစ်တာကြောင့် အသိအမှတ်မပြုကြောင်း အာသိမ်းမှုကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကတဆင့် ခေါ်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်ကတော့ သမ္မတနဲ့ ဒုတိယသမ္မတတွေ ရွေးချယ်နိုင်ဖို့အတွက် တပ်မတော်နေ့အခမ်းအနားအပြီး သုံးရက်အကြာ မတ်လ ၃၀ ရက်နေ့မှာ အစုအဖွဲ့အလိုက် အစည်းအဝေးတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
