မြန်မာစစ်ကော်မရှင်ကို တန်ပြန်အရေးယူဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့ အမေရိကန်အစိုးရအနေနဲ့ ထိရောက်တဲ့ မူဝါဒနည်းဗျူဟာတစ်ရပ်ချမှတ်ဖို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို အမေရိကန်အောက်လွှတ်တော်က နှစ်ပါတီခေါင်းဆောင်တွေက မတ်လ ၂၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေကို အမေရိကန်အစိုးရက ဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းချက် တစ်ရပ်အနေနဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အကြီးတန်း အဖွဲ့ဝင် ဂရေဂရီမိစ် (Gregory W. Meeks) ၊ တောင်နဲ့အလယ်အာရှ ဆပ်ကော်မတီ အကြီးတန်းအဖွဲ့ဝင် ဆစ္စနီကမ်လာဂျာဒဗ်(Sydney Kamlager-Dove)၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ယန်းကင်(Young Kim)၊ အရှေ့အာရှနဲ့ ပစိဖိတ် ဆပ်ကော်မတီ အကြီးတန်းအဖွဲ့ဝင် အေမီဘာရာ(Ami Bera) တို့က မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုး စာပေးပို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဒီစာထဲမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီး ငါးနှစ်ကျော်တဲ့အထိ ဆိုးဝါးနေပြီး စစ်ကော်မရှင်ဟာ နိုင်ငံ့ဧရိယာ ၄၀ ကျော်ကို လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တွေ စွန့်လွှတ်ထားရပြီး ဒီအဖွဲ့တွေကို မြန်မာပြည်သူအများစုက ထောက်ခံအားပေးထားကြောင်း၊ မြန်မာစစ်ကော်မရှင်ကို အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံခဲ့ရင် အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိပါးစေမှာဖြစ်သလို တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို အင်အားကြီးထွားစေမှာဖြစ်ကြောင်း၊ ဒါ့အပြင် အနာဂတ် ညှိနှိုင်းဆွေးနွေးတွေလုပ်ရင် အမေရိကန်ရဲ့သြဇာလွှမ်းမိုးမှု ယုတ်လျော့စေမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။
ဒီစာမှာ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအရောင်သာဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်အောင် လုပ်ဆောင်ထားတဲ့ နိုင်ငံရေး အစီအမံသာဖြစ်တယ်လို့လည်း ရှုံ့ချထားပါတယ်။ သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း လူသိရှင်ကြား ပြောဆိုဖို့နဲ့ မြန်မာစစ်ကော်မရှင်အစိုးရအဆက်ဆက်ကို အသိမှတ်မပြုတဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားဖို့လည်း အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေက တောင်းဆို ထားပါတယ်။
