ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အိမ်အနီး လူငယ်သုံးဦးသတ်ဖြတ်ရ

သတ်ဖြတ်ခံရသူသုံးဦးအလောင်းကို လက်နက်များနဲ့ဆင်ရိုက်ပြီး အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအဖြစ် သတင်းလွှင့်ဟု CDF ပြော။

ချင်းပြည်နယ်၊ဟားခါးမြို့မှာနေတဲ့ လူငယ်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီး ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အိမ်အနီးမှာ ရိုက်နှက်သတ်ဖြတ်လိုက်တာကြောင့် ပြင်းပြင်း ထန်ထန် ရှုပ်ချတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇကျုံးလျန်က RFA ကို မတ်လ ၂၉ ရက်နေ့က ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က မိသားစုကိစ္စနဲ့ ဟားခါးမြို့အပြင်ကို သွားနေချိန် GIT ကျောင်းနဲ့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌအသစ်လည်း ဖြစ်တဲ့ ပူးကောလ်လျန်ထန်းရဲ့ အိမ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး တရားဝင်စစ်ဆေး မေးမြန်းတာတွေမလုပ်ဘဲ ဥပဒေမဲ့ ရိုက်နှက်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဟားခါးမြို့သစ်ရပ်ကွက်မှာ နေထိုင်ကြတဲ့ ထောင်ဗန်မန် (Thawng Van Mang) အသက် ၃၁ နှစ်၊ ဒေါ့ထ်လေးဆန်း (Dawt Hlei Sang) အသက် ၂၈ နှစ်နဲ့ ထောင်တင်လျန် (Thawng Tin Lian) အသက် ၃၇ နှစ်တို့ ဖြစ်ကြတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇကျုံးလျန်က RFA ကို ပြောပါတယ်။

“သတ်ဖြတ်ခံလိုက်ရတဲ့ လူငယ်တွေရဲ့အလောင်းအနီးမှာ လက်နက်တွေနဲ့ပုံတွေ ရိုက်ပြီး လူမှုကွန်ရက်မှာ အကြမ်းဖက် စစ်ကောင်စီက ဖြန့်ဝေထားတယ်။ စစ်ကောင်စီရဲ့ အဲဒီလို လုပ်ရပ်ဟာ အပြစ်မဲ့ပြည်သူ တွေကို အတုယောင်လက်နက်ကိုင်အဖြစ် ပုံဖော်ဖို့ ကြိုးစားတာပါ၊ ယုတ်မာတဲ့ လိမ်လည် လှည့်ဖြားမှုလည်း ဖြစ်ပါတယ်၊ ဒါကြောင့် အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် ရှုပ်ချတာပါ၊ အဲဒီကိစ္စအတွက် စစ်ကောင်စီတပ်မှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ထုတ်ပြန်ချက် လည်း ထုတ်ထားပါတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး လည်းဖြစ်သလို လွှတ်တော်ဥက္ကဋ္ဌအသစ်လည်း ဖြစ်လာသူ ပူးကောလ်လျန်ထန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha) က ဟားခါးမြို့မှာ ဖေဖော်ဝါရီ ၂၀ရက်နေ့ စစ်ကောင်စီ ကျင်းပပြုလုပ်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို မတ်လ ၂၀ နေ့က စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲက တက်လာတဲ့ ပြည်နယ်လွှတ်တော် အစည်းဝေး ကျင်းပနေချိန် ချင်းပြည်နယ် လွှတ်တော်ကို ဒရုန်းနဲ့အချိန်ကိုက် တိုက်ခိုက်ခဲ့ပါသေးတယ်။