ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် လွတ်မြောက်

၂၀၂၂ ဇွန်လ ၂၂ ရက် ရန်ကုန် ဗိုလ်တထောင်မြို့နယ်မှာ အဖမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ၅၀ (ည) တို့နဲ့ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ပေးခံခဲ့ရ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီဝင်ဟောင်း ကိုလင်း ထက်နိုင် ခေါ် ကိုဂျိမ်း ဧပြီ ၁ ရက် မနက်ပိုင်းက မြောင်းမြ အကျဉ်းထောင် ကနေ လွတ်ရက် စေ့နဲ့ ပြန်လွတ်လာတယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင် က RFA ကို ပြောပါတယ်။

ကိုလင်းထက်နိုင်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ စစ်ကောင်စီ တပ်က ဖမ်းဆီးခံ ခဲ့ရတာဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ၅၀ (ည) တို့နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ပါတယ်။

၅၀၅ (က) ပုဒ်မတွေနဲ့ပတ်သက်ပြီးအမူ ပိတ်သိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ပေါ်လစီကြောင့် ထောင်ဒဏ် ၈ နှစ် မပြည့်ခင်မှာ လွတ်ရက်စေ့နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာလို့ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင် က RFA ကို ပြောပါတယ်။

“၅၀၅ (က) ပုဒ်မတွေနဲ့ပတ်သက်ပြီးတော့ အမှုပိတ်သိမ်းတာတွေဖြစ်လာတဲ့အခါမှာ သူ့အမှု ၅၀၅ (က) ပုဒ်မတွေက ပြုတ်သွားတော့ ထောင်ဒဏ်သုံးနှစ်က ပြုတ်သွားတယ်ပေါ့နော်၊ ၅၂ (ခ) ပုဒ်မပဲကျန်တာ ဖြစ်တဲ့အတွက် ၅၂ (ခ) ရဲ့ နေရက်ပြည့်သွားတယ်ပေါ့နော်၊ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာ တာပါ၊ သူက ၂၀၂၅ ဇူလိုင်လလောက်မှာ အင်းစိန်အကျဉ်းထောင်ကနေပြီး မြောင်းမြအကျဉ်းထောင်ကို ရွှေ့ပြောင်းခဲ့ရတယ်။ အခုသူ နောက်ဆုံးလွတ်ရက် ၂၀၂၆ ဧပြီ ၁ နေ့ မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွှတ်မြောက်လာတာပါ။”

ကိုလင်းထက်နိုင်ဟာ စစ်အစိုးရနဲ့ အရပ်သားအစိုးရ အဆက်ဆက် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၂၀၀၈ ကနေ ၂၀၁၁ အထိ တစ်ကြိမ်၊ ၂၀၁၅ က နေ ၂၀၁၆ အထိ တစ်ကြိမ်၊ ၂၀၂၀ ကနေ ၂၀၂၁ အထိ တစ်ကြိမ်နဲ့ အခု စစ်တပ်အာဏာ သိမ်းပြီး ၂၀၂၂ ကနေ ၂၀၂၆ အထိ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ထောင်ဒဏ် အကျဥ်းချခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ အင်းစိန်အကျဉ်းထောင် ဝင်စာဌာနမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ကြောင့် သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၅၅ နှစ်အရွယ် မိခင် ဒေါ်ကြီးမြင့်လည်း သေဆုံးခဲ့ရပါတယ်။

ထောင်ထဲမှာနေရတဲ့အချိန်တွေများခဲ့တာကြောင့် မိဘနှစ်ဦးစလုံးရဲ့ နာရေးကို လိုက်ပို့ဆောင်ခွင့် မရခဲ့သူလို့ သူငယ်ချင်းဖြစ်သူ ဗကသ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး ဖြစ်တဲ့ နိုကိုမိုးထက်နေက RFA ကို ပြောပါတယ်။

“ကိုဂျိမ်းဘဝက ဆုံးရှုံးမှုတွေများပါတယ်။၂၀၁၅ ခုနှစ် အကျဉ်းချခံထားရချိန်မှာ သူ့ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တယ်၊ အခု ၂၀၂၂ ခုနှစ် လေးကြိမ်မြောက် အဖမ်းခံထားရချိန်မှာလည်း သူ့အမေက သူ့ဆီ ထောင်ဝင်စာသွားပို့ရင်း ပေါက်ကွဲမှုဖြစ်သွားခဲ့တာကြောင့် အင်းစိန်ထောင်ရှေ့မှာပဲ အသက်ဆုံး ခဲ့ရတယ်၊ ဒါကြောင့် ကိုဂျိမ်းက သူ့မိဘနှစ်ယောက်လုံးရဲ့ နောက်ဆုံးခရီးတွေကို လိုက်ပါပို့ဆောင်ခွင့် မရခဲ့ဘူး၊ပြီးတော့ သူ့မိန်းရဲ့ အဖေ ဒေါက်တာ နေဝင်းလည်း အခု ဂျိမ်း ထောင်ထဲရောက်နေတဲ့ အချိန်မှာပဲ ကွယ်လွန်သွားခဲ့ရတာလေ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၃၀,၇၄၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲကမှ လက်ရှိအချိန်ထိ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲ အတည်ပြုနိုင်သူ ၁၄,၃၆၉ ဦးနဲ့ အတည်ပြုရန် လိုအပ်ဆဲ ၇,၈၈၃ ဦး ရှိနေတယ်လို့ သိရပါတယ်။