အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကတဆင့် ခေါ်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ဧပြီလ ၃ ရက်နေ့မှာ သမ္မတအဖြစ် တင်မြှောက်လိုက်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေ အများစုပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲချိန် စုစုပေါင်း မဲပေးသူ ၅၈၄ ဦးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၄၂၉ မဲနဲ့ မဲအများဆုံးရပြီး သမ္မတ ဖြစ်လာတာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်အားထားရသူလို့ စစ်တပ်အသိုင်းအဝိုင်းက ပြောဆိုကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောက ၁၂၆ မဲနဲ့ ဒုတိသမ္မတ (၁)၊ ကရင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဒေါ်နန်းနီနီအေးက ၂၉ မဲနဲ့ ဒုသမ္မတ (၂) ဖြစ်လာပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပပြီးရင် အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ လက်ရှိမှာ သမ္မတနေရာကနေ လွှတ်တော်အကြီးအကဲ နေရာတွေအထိ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ ပြန်လည်နေရာ ယူခဲ့တာပါ။
ဒါကြောင့် စစ်အုပ်ချုပ်ရေးတပိုင်းနဲ့ပဲ ရှေ့ဆက်သွားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူသမ္မတဖြစ်လာတော့ လက်ရှိနိုင်ငံရဲ့အနေအထားက အရင်အတိုင်းမပြောင်းလဲသေးတာမို့ ယခင်ကာလက သူလုပ်ခဲ့တဲ့ အတိုင်း၊ သူချမှတ်ခဲ့တဲ့ မူဝါဒတွေအတိုင်းသာ ဆက်သွားနေလိမ့်မယ်လို့ ယူဆရတယ်။ အုပ်ချုပ်ရေးဌာနတွေလည်း အလားတူပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ ကဝန်ကြီးချုပ်တွေကလည်း သူ့ခန့်ထားသူ၊ သူ့ထဲက စစ်ဗိုလ်ချုပ်ဟောင်းတချို့ ဖြစ်လာမှာမို့ ဗဟိုဦးစီးစနစ်နဲ့ဘဲ သွားမှာဖြစ်သလို၊ မငြိမ်းချမ်းတာကို အကြောင်းပြုပြီး စစ်အုပ်ချုပ်ရေးတပိုင်းနဲ့ သာရှေ့ဆက်ကြမှာမျိုးဘဲ ယူဆရမယ်”
သမ္မတ တင်မြှောက်ခြင်းခံရတဲ့ အသက် ၆၉ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အဓိကတာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရပြီး၊ အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံတကာက ပိတ်ဆို့အရေးယူခံထားရသူ ဖြစ်ပါတယ်။
ဒုသမ္မတ (၁) ရာထူးရရှိခဲ့တဲ့ အသက် ၆၇ နှစ် အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစောဟာ အာဏာသိမ်း ကာလအတွင်း စစ်ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး သူကိုလည်း ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားပါတယ်။
ဒုသမ္မတ (၂) ရာထူးရရှိခဲ့တဲ့ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ ဒေါ်နန်းနီနီအေးကတော့ ၂၀၁၀ ခုနှစ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတဆင့် မြန်မာ့နိုင်ငံရေးထဲဝင်လာသူဖြစ်ပြီး အရင်က ပညာရေးဝန်ကြီး ဌာနက ကျောင်းဆရာမ၊ ကွန်ပျူတာက္ကသိုလ် လက်ထောက်ကထိက ရာထူးတွေနဲ့ ဝန်ထမ်းလုပ်သက် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အာသိမ်းမှုကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းတွေကကတော့ စစ်ကော်မရှင်က ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ကနေ အတုအယောင် လွှတ်တော်နဲ့ အတုအယောင် အစိုးရတို့ပဲ ထွက်ပေါ်လာမှာ ဖြစ်တာကြောင့် အသိအမှတ် မပြုကြောင်း ပြောဆိုထားပါတယ်။
