စက်သုံးဆီအကျပ်အတည်းကြောင့် လယ်သမားတွေနွေစပါးရိတ်ဖို့ခက်

အခုနွေစပါးရိတ်ချိတ်မှာ စက်သုံးဆီတွေဝယ်မရတာနဲ့ စျေးနှုန်းအဆမတန်ကြီးမြင့်တာတွေကြောင့် တောင်သူလယ်သမားတွေစပါးရိတ်ဖို့ အခက်ကြုံနေကြပါတယ်။

“စိုက်ချင်ဦးဟ စပါး။ ဖြစ်ချင်ဦးဟ လယ်သမား။ ဒီစပါးအကုန်ရောင်းတော့ရော ဆီတစ်ပေပါမရဘူး။ ပြောတော့ တောင်သူလယ်သမား တောင်သူလယ်သမားဦးကြီးများနဲ့။ ဘယ်မှာတုန်း လယ်သမားဒုက္ခဖြစ်တာပဲအဖတ်တင်တယ်”

ဧရာ၀တီတိုင်းမှာ နွေစပါးတွေရိတ်သိမ်းချိန်ရောက်နေပေမဲ့ စက်သုံးဆီအကျပ်အတည်းကြောင့် ရိတ်သိမ်းချွေလှေ့စက်တွေမသုံးနိုင်ဘဲ တောင်သူလယ်သမားတွေစပါးရိတ်ဖို့ ခက်နေကြပါတယ်။

စပါးတွေကို မရိတ်ဘဲထားရင်ပျက်ဆီးသွားမှာစိုးတဲ့အတွက် အရှုံးခံပြီးရိတ်နေရတယ်လို့ လပွတ္တာမြို့နယ်က လယ်သမားက RFA ကို ပြောပါတယ်။

“မှောင်ခိုစျေးကွက်မှာ (၁၆ လီတာတစ်ပုံး) နှစ်သိန်းခွဲ၊ နှစ်သိန်းခုနစ်သောင်းနဲ့ ဝယ်ပြီးရိတ်ရတော့ မကိုက်ပေမဲ့ ကိုယ်လုပ်ထားတဲ့ဟာ မဆုံးရှုံးအောင် မိုးလေဝသမလာခင် မြန်မြန်ပြီးအောင်လုပ်ရမှာပဲ။ မှည့်လည်းမှည့်နေပြီ အဲဒီတော့ ရိတ်ရတော့တာပဲလေ။ မိမိလုပ်ထားတဲ့ဟာတွေ အလေအလွင့်မဖြစ်ဖို့အတွက်ကို ဆီစျေးဘယ်လို တက်တက်ရှာပြီးတော့ပဲ အခုက ရှုံးတာသက်သက်ပဲဆိုရင် တစ်ဧကကိုနှစ်သိန်းပတ်လည်လောက်ရှုံးတယ်”

လက်ရှိနွေစပါးပေါက်စျေးဟာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းကို ကျပ် ၁၂၀၀၀ ကနေ ၁၈၀၀၀ ကြား ရှိပါတယ်။ ဒီဇယ်ဆီပေါက်စျေးဟာလည်း မှောင်ခိုစျေးကွက်မှာ တစ်လီတာကို ကျပ် ၁၅၀၀၀ လောက် စျေးပေါက်တာကြောင့် စပါးတစ်တင်းနဲ့ ဒီဇယ်တစ်လီတာရဲ့စျေးနှုန်း ညီမျှနေတာပါ။

ရွာတွေမှာ ဒီဇယ်ကို ခွဲတန်းနဲ့ရောင်းပေးတာတွေရှိပေမဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေပဲဝယ်လို့ ရနေတယ်လို့ သူကပြောပါတယ်။ ဆီဆိုင်တွေမှာလည်း ကားတွေကိုပဲ အကန့်အသတ်နဲ့ရောင်းပေးပြီး ရိတ်သိမ်း ချွေလှေ့စက်တွေအတွက် ရောင်းပေးတာမျိုးမရှိဘူးလို့တောင်သူတွေက ပြောပါတယ်။

လူလုပ်အားနဲ့ရိတ်သိမ်းမယ်ဆိုရင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကြီးထွားလာတဲ့ပြည်တွင်းစစ်နဲ့ စစ်မှုထမ်းဥပဒေကြောင့် အလုပ်လုပ်နိုင်တဲ့လူငယ်တွေ တော်လှန်ရေးထဲရောက်သွားတာ၊ ပြည်ပထွက်ပြေးသွား ရတာတွေများပြီး လုပ်သားရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။

ဒီလိုအခက်အခဲတွေအပြင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေ ရှားပါးစျေးတက်တာတွေကြောင့်လည်းနလံမထူနိုင်ဘူးလို့ ရေကြည်မြို့နယ်က လယ်သမားက RFA ကို ပြောပါတယ်။

“သဘာ၀ပတ်ဝန်းကျင် ပျက်ဆီးလာတာနဲ့အမျှ တစ်နှစ်ကိုစပါးစိုက်ချိန်မှာ သုံးကြိမ်လောက်ပြန်စိုက်ရတယ်။ သွင်းအားစု စားရိတ်တွေ မြင့်လာတယ်။ ဧရာ၀တီတိုင်းမှာ ခိုင်းကျွဲ၊ ခိုင်းနွားမရှိတော့ဘူး။ နောက်တစ်ခုက လုပ်သားရှားသွားတယ်”

စစ်ကော်မရှင်ကတော့ စိုက်ပျိုးစားရိတ်တွေလျော့ကျအောင် ဒီဇယ်နဲ့ဓာတ်မြေဩဇာတင်သွင်းတာတွေကို ဧပြီလတစ်လလုံးအခွန်ကင်းလွတ်ခွင့်ပေးမယ်လို့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအကျပ်အတည်းဟာ မြန်မာ့လယ်ယာကဏ္ဍကို အကြီးအကျယ် ထိခိုက်လိမ့် မယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“လက်ရှိဖြစ်နေတဲ့ စက်သုံးဆီအကျပ်အတည်းပေါ့။ ဒါက လယ်ယာကဏ္ဍကိုရော လယ်သမားတွေကိုရော အကြီးအကျယ်ထိခိုက်စေလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာထိ ထိခိုက်မယ်ဆို တာတော့ တွက်ဆဖို့ ခက်တာပေါ့။ စက်သုံးဆီအခက်အခဲရှိသလို Petrochemical ပေါ့ ဓာတ်မြေဩဇာကိစ္စ တွေမှာလည်း တော်တော်လေးအခက်အခဲရှိမယ်လို့ သတင်းတွေမှာဖတ်ရတယ်။ အခုက ရိတ်သိမ်းချိန်ပေါ့ ဒါပြီးလို့ စိုက်ပျိုးချိန်ကျလို့ရှိရင်လည်း ဆီအခက်အခဲလာဦးမယ်”

စက်သုံးဆီအကျပ်အတည်းကြောင့် မိုးသီးနှံစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ မြန်မာလယ်သမားတွေအပေါ် ရိုက်ခတ်မှုတွေရှိလာတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မတ်လ ၂၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံလောက်ဖြစ်တဲ့ လူဦးရေ ၁၂ ဒသမ ၄ သန်းရဲ့ စားနပ်ရိက္ခာအခက်အခဲပိုပြီးဆိုးရွာလာစေမယ်လို့ WFP က သတိပေးထားပါတယ်။