ရှမ်းမြောက်မှာ တရုတ်ကုန်ပစ္စည်းတွေ ကုန်သွယ်ခွင့် စစ်တပ်ပိတ်ထား

တရုတ်နိုင်ငံဘက်က တင်သွင်းတဲ့ လျှပ်စစ်ပစ္စည်း၊ အထည်လိပ်၊ မုန့်မျိုးစုံ၊ စက်ဘီး၊ ဆိုင်ကယ်နဲ့ အသီးအနှံ သယ်ခွင့်မပေးဟုဆို။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်ကတဆင့် ဝင်လာတဲ့ တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ပြည်မထဲကို သယ်ခွင့်မပေးဘဲ စစ်တပ်ဂိတ်တွေကနေ မေလဆန်းပိုင်းကစပြီး ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက မေလ ၁၀ ရက်နေ့မှာ RFA ကိုပြောပါတယ်။

မူဆယ်-လားရှိုး-မန္တလေး လမ်းပိုင်းမှာ စစ်တပ်ထိန်းချုပ်တဲ့ သီပေါမြို့နယ်အစပ်ကနေ ပိတ်ထားတာဖြစ်ပြီး လားရှိုးမြို့ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ထွက်ပေါက်ကိုတော့ နမ့်လန်နဲ့ မိုင်းရယ်မြို့တို့ကနေ ပိတ်ထားတာလို့ ဆိုပါတယ်။

အရင်လပိုင်းတွေက တရုတ်ကုန်ပစ္စည်းတွေ အနည်းငယ်ကုန်သွယ်ခွင့်ရပေမဲ့ စစ်တပ်ခန့် အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအကြောင်းပြပြီး ပိတ်ပင်လိုက်တာလို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းက နားလည်မှုနဲ့ နည်းနည်းသယ်လို့ရသေးတယ်။ အခုကတော့ ရက် ၁၀၀ စီမံကိန်းဆိုပြီးတော့မှ တရုတ်ဘက်ကနေ ဝင်သမျှကုန်ပစ္စည်းတွေက ဘာမှပေးမသယ်တော့တာ။ အထူးသဖြင့် လားရှိုးကနေပြီးတော့ သီးပေါအစပ်ပေါ့ သီပေါဘက်ဆိုရင် ဘာမှပေးမသယ်တော့ဘူး။ နောက်ပြီး နမ့်လန်ဘက်ကနေလည်း သယ်လို့မရဘူး။ ပြောရရင် ရှမ်းမြောက်ကနေ မန္တလေး၊ ရှမ်းမြောက်ကနေ ရှမ်းတောင်ကို သွားတဲ့လမ်းမှာ ရှိသမျှ ဂိတ်တွေအကုန်လုံးကို ပိတ်ထားတာ ဘာမှသယ်လို့မရတာ”

တရုတ်နိုင်ငံဘက်ကနေ ပြည်မထဲမှာရှိတဲ့ ကုန်သည်တွေ တင်သွင်းကြတဲ့ လျှပ်စစ်ပစ္စည်း၊ အထည်လိပ်၊ တရုတ်ထုတ် မုန့်မျိုးစုံ၊ စက်ဘီး၊ ဆိုင်ကယ်နဲ့ အသီးအနှံကစ သယ်ခွင့်မပေးတော့တာလို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အာဏာသိမ်းခေါင်းဆောင် ဦးမင်အောင်လှိုင်တို့ ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်မှာတော့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို လွယ်ကူလျင်မြန်ချော့မွေ့စေရေး ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စစ်တပ်ဘက်က ကုန်သွယ်ခွင့် ပိတ်ပင်ထားတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တစ်စုံတစ်ရာ သဘောတူညီမှု မရသေးလို့ ဖြစ်နိုင်တယ်လို့ ရှမ်းပြည်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ ပြည်မကြီးထဲကို တရုတ်ကုန်ပစ္စည်းတွေ အလုံးအရင်းနဲ့ ပေးမဝင်တာပေါ့ဗျာ။ ဒီကုန်တွေက ကိုးကန်နယ်မြေကို ဖြတ်ပြီးလာရတာကိုး။ EAO တွေကို အခွန်ဆောင်ထားတဲ့ ကုန်ပစ္စည်းတွေကို ပြည်မထဲ ပေးမသွင်းချင်တာပေါ့ အဲဒါက တစ်ပိုင်းပေါ့နော်။ နောက်တစ်ခုက MNDAA နဲ့ တပ်ကြားထဲမှာ နားလည်မှု မရသေးလောက်ဘူး။ အခုလိုဖြစ်တာက တစ်ဖက်နဲ့ တစ်ဖက် စစ်ရေးအရ နိုင်ငံရေးအရ အားပြိုင်တဲ့သဘောပါပဲ”

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA က မတ်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အရေးပါတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလည်း MNDAA က ထိန်းချုပ်ထားပါတယ်။